Home

Friday, April 3, 2015

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Ensuring Good Governance)


ဒေါက်တာဝါ၀ါမောင်
ယခင်အပတ်မှ အဆက်

အဂတိလိုက်စားမှု ပပျောက်ရေး (Combating Corruption) အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ဆိုသည်မှာ ပြည်သူအများပိုင် ရုံးအနေအထား၊ ရာထူးနှင့် အဆင့်အတန်းတို့ကို မိမိကိုယ်ကျိုးအတွက် အသုံးချခြင်း ဟူ၍ အဓိပ္ပာယ် သတ်မှတ်နိုင်ပါသည်။ (Corruption is defined as use of public office for private gain, or in other words, use of official position, rank or status by an office bearer for his own personal benefit.)

လာဘ်ပေးလာဘ်ယူ အပြုအမူများကို ဥပမာအားဖြင့် ဖော်ပြရသော် လာဘ်ထိုးခြင်း (bribery) ၊ အဓမ္မဖိအားပေးခြင်း (extortion)၊ ကလိမ်ကကျစ်နှင့် လိမ်လည်ခြင်း (fraud)၊ ငွေအလွဲ သုံးစားပြုလုပ်ခြင်း (embezzlement) ၊ ဆွေမျိုး သားချင်း ကောင်းစားမှုအတွက် ဘက်လိုက်ဝါဒ (nepotism)၊ ပြည်သူပိုင်ရပိုင်ခွင့်နှင့် ပစ္စည်းများကို ပုဂ္ဂလိကအတွက် အသုံးပြုခြင်း (Appropriation of public assets and property for private use) ၊ ပစ္စည်းတစ်နေရာမှ တစ်နေရာ သို့ရောင်းချခြင်း (Influence peddling) တို့ ဖြစ်ပါသည်။ အထက်ဖော်ပြပါ လာဘ်ပေးလာဘ်ယူ အပြုအမူများထဲတွင် လိမ်လည်ခြင်း (fraud) နှင့် ငွေအလွဲသုံးစား ပြုလုပ်ခြင်း (embezzlement) တို့ကို အခြားတစ်စုံ တစ်ယောက် (second party) မပါရှိဘဲ ဝန်ထမ်းတစ်ဦး တစ်ယောက်တည်းအနေဖြင့် ကျူးလွန်နိုင်ပါသည်။
ကျန်အခြားသော လာဘ်ပေးလာဘ်ယူမှုများကိုမူ ပေးသူ၊ ယူသူဟူ၍ နှစ်ဦး နှစ်ဖက် (tow parties) ပါဝင်နိုင်ပါသည်။
ထိုနှစ်ဦးနှစ်ဖက် (tow parties) လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နိုင်သော အခြေအနေ များစွာရှိသည်။ ၄င်းတို့ထဲမှ အချို့မှာ ပရောဂျက်များကို အကောင်အထည် ဖော်ရာတွင် အစိုးရကန်ထရိုက်များ၊ sub contract များရရှိရန် အတွက် လာဘ်ထိုးခြင်းများ၊ ချေးငွေထောက်ပံ့မှု Cerdit Subsidies)၊ ဈေးနှုန်းထိန်းချုပ်မှုနှင့် အမျိုးမျိုးသော ငွေလဲလှယ်နှုန်းထား များရှိနေစဉ်တွင် ဈေးနှုန်းချိုသာစွာရရှိနိုင်မှု (Favoured Prices)၊ ငွေလဲ လှယ်နှုန်းများ (Exchange rate) မှ တစ်ဆင့် အကျိုးအမြတ်ရယူခြင်း၊ စီးပွားရေး လုပ်ဆောင်ချက်များ အတွက် လိုင်စင်နှင့် ပါမစ်ရရှိအောင် ပြုလုပ်ခြင်းတို့တွင် လည်းရှိနိုင်ပါသည်။ ထို့အပြင် အခြားသော အခွင့်အထူး များရရှိနိုင်သည့် ကျောင်းများ (Privileged school)၊ ဆေး ကုသခွင့် (Subsidized housing) နှင့် ခြံမြေရရှိရေး (Real estate) ၊ အချို့သောစီးပွားရေး လုပ်ငန်းများ၏ လုပ်ပိုင်ခွင့် များ (Attractive ownership stakes in enterprises) များတွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများ (Business firms) နှင့် ပုဂ္ဂလိကများ (Private individuals) ထံမှ အခွန် အကောက် များ၊ လျှပ်စစ်မီးအသုံးပြုမှုနှင့် အခြားသောပြည်သူသုံး လုပ်ငန်းများအတွက် အခကြေးငွေ (Public utility charges) များ ကောက်ခံရာတွင် အခွန်အခပေးရမှု နည်းပါးစေရန် လာဘ်ပေးလာဘ်ယူမှုများလည်း ရှိနိုင်ပါသည်။ အစိုးရသည် အခွန် အကောက်များကို သေချာစွာအလေအလွင့် မရှိစေအောင်ကောက်ခံပြီး ပြည်သူ့ဘဏ္ဍာကို စနစ်ကျသော စီမံ ခန့်ခွဲမှုများဖြင့် ပြန်လည် အသုံးပြုမှသာလျှင် အစိုးရနှင့်ပြည်သူ တို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေနိုင်ပါသည်။
ပါမစ်ခွင့်ပြုချက်ရယူခြင်း၊ လိုင်စင်ရယူခြင်းများကို တရားဝင်ဆောင်ရွက်ရာတွင် အမြန်နှုန်းဖြင့် အချိန်သက်သာစွာနှင့် ချောချောမောမောဖြစ်စေရန် စည်းမျဉ်းစည်းကမ်းများမှ ရှောင်ဖယ်ခြင်း (Time savings and regulatory avoidance) အတွက် လာဘ်ထိုးခြင်းများလည်း ရှိပါသည်။
၎င်းတို့ကို နည်းလမ်းမှန်ဖြင့် ချောမွေ့လျင်မြန်စွာ ရရှိစေရန် ယန္တရားဘီး (wheels of bureaucracy) ကို လည်ပတ်စေရာ တွင် ချောဆီအဖြစ် ငွေကြေး (grease money) ကို ပေးဆောင်ခြင်းဖြစ်သည်။ လူတို့သည် ရှည်လျားသော၊ ရှုပ်ထွေး သော၊ ဒုက္ခများသော စည်းမျဉ်းစည်းကမ်းများ၊ အစီအစဉ်များကို ငွေကြေးပေး၍ ရှောင်ရှားခြင်းပင် ဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှု (Corruption) သည် အဆင့် အမျိုးမျိုးတွင် ဖြစ်ပေါ်နိုင်သော်လည်း အကြမ်းဖျင်းအားဖြင့် အဆင့်မြင့် လာဘ်ပေးလာဘ်ယူမှု (High level corru-ption) နှင့်အဆင့်နိမ့်လာဘ်ပေး လာဘ်ယူမှု (Low level corruption) ဟူ၍ ခွဲခြားနိုင်ပါသည်။ လာဘ်ပေးလာဘ်ယူမှုကို တွန်းအားများအနေဖြင့် လိုအပ်ချက်အရ ပြုလုပ်ခြင်း (Need driven) နှင့် လောဘရမ္မက်အရ ပြုလုပ်ခြင်း (Greed driven) ဟူ၍ ခွဲခြားနိုင်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း လာဘ်ပေးလာဘ်ယူမှု ဖြစ်ပွားရာတွင် နက်နဲမှုအတိုင်းအတာ အနေဖြင့် လူ့အဖွဲ့အစည်း အတွင်း၌ ရှားရှားပါးပါးဖြစ်ရပ် (rare case)၊ ဖြစ်ပွားမှု ကျယ်ပြန့်လာခြင်း (Widespread) နှင့် စနစ်တကျ လာဘ်ပေးလာဘ်ယူမှု (Systemic) ဟူ၍ အဆင့်သုံးမျိုး ရှိပေသည်။
စနစ်တကျ လာဘ်ပေးလာဘ်ယူမှု (Systemic) အဆင့်တွင် လူ့အဖွဲ့အစည်း၊ စည်းမျဉ်း၊ လူတို့၏အပြုအမူ၊ စိတ်ဓာတ် အားလုံးတို့သည် လာဘ်ပေး လာဘ်ယူမှုကို ဘဝ၏ နည်းလမ်းတစ်ခုသဖွယ် ခံယူကျင့်သုံးလာကြသည်။
(Corruption becomes a way of life) ၄င်းအဆင့်ကို ကျော်လွှား ထိန်းသိမ်းရန် အလွန်ခက်ခဲပေသည်။
လာဘ်ပေးလာဘ်ယူမှု၏ စီးပွားရေး အကျိုးဆက်များ (Economic consequenes) အနေဖြင့် ကြီးမားသောလာဘ် ပေးလာဘ် ယူမှုများသည် ပြည်သူ့ဘဏ္ဍာငွေများက ကိုယ်ကျိုး အတွက် အလွဲသုံး စားပြုရာရောက်ခြင်း၊ စီမံအုပ်ချုပ်မှု မှား ယွင်းခြင်း (Mismanagement) ၊ ဆုံးရှုံးလေလွင့်မှုများ (Was-tage)၊ မညီမျှမှု (Inequity) နှင့် လူမှုရေးယိုယွင်းမှု (Social decay) နှင့် စီးပွားရေး အကျပ်အတည်းများ (Economic Crisis) ၊ နိုင်ငံခြား ငွေပြတ်လပ်မှု (Foreign Exchange shortage) များကို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ပြင် လာဘ်ပေးလာဘ်ယူမှုများကြောင့် အခြားသော မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ဖြစ်ပေါ်ေ စနိုင်ပါသည်။ ထိုအခါ စီးပွားရေး လုပ်ဆောင်ချက်များကို အကဲဖြတ်ရန်အတွက် စီးပွားရေး ကိန်းရှင်များကို မမှန်မကန် ဖြစ်ပေါ်စေသည်။ ဥပမာ- ကုန်သွယ်မှုပမာဏ (Trade volume) ၊ ပို့ကုန် (Export) ၊ သွင်းကုန် (Import) များသည် လက်ရှိ အခြေအနေကို ထင်ဟပ်မှု မရှိစေခြင်းတို့ကြောင့် မူဝါဒချမှတ်ဆောင်ရွက်ရာတွင် မှားယွင်းဆုံးဖြတ် ဆောင်ရွက် မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အခြား အကျိုး သက်ရောက်မှုတစ်ခုမှာ ဝင်ငွေဖြန့်ဖြူးမှု မညီမျှခြင်း (Une-qual Income Distribution) ပင်ဖြစ်ပါသည်။ လာဘ်ပေး လာဘ်ယူမှုတည်ရှိသော စီးပွားရေး အဆောက်အအုံ၌ တစ်ဦး ချင်းစီးပွားရေးစနစ် (Monopoly)၊ လူနည်းစု ချုပ်ကိုင်သော စီးပွားရေးစနစ် (Oligopoly) များ ဖြစ်ထွန်း ပေါ်ပေါက်စေနိုင်ပြီး ဝင်ငွေဖြန့်ဖြူးမှု မညီမျှခြင်း (Unequal distribution of income) တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
ချမ်းသာမှုနှင့် ဆင်းရဲမှုများစွာ ကွာခြားစေသည့် မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ လာဘ်ပေး လာဘ်ယူမှု၏ ကြီးလေးသော ဝန်ထုပ်ဝန်ပိုး (Burden of corruption) သည် ဆင်းရဲသားများ အပေါ်တွင် ကြီးမားစွာ ကျရောက် ခံစားစေပြီး နိုင်ငံတစ်နိုင်ငံအတွင်း ထို့ပြင် ဝင်ငွေမညီမျှမှုများကြောင့် တိုင်းပြည်တွင် စားသုံးမှု ပုံသဏ္ဌာန် (Consumption pattern) ကို ပြောင်းလဲသွားစေပြီး ၄င်းမှ တစ်ဆင့် ရှားပါးသော သယံဇာတ (scarce resources) များကို ထုတ်လုပ်မှုတွင် ခွဲဝေအသုံးချရာ၌ မှားယွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်စေနိုင်ပါသည်။
သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုရှိသော လူ့အဖွဲ့အစည်း၌ နောင်ကာလ၏ မျိုးဆက်သစ်များအတွက် သယံဇာတ အသုံး ပြုနိုင်မှု လျော့နည်းသွားပေမည်။ ထို့ပြင်အဆိုပါ အဂတိ လိုက်စားမှုသည် သာမန်ပြည်သူများအတွက် ကြီးလေးသော တာဝန်ကို ဖြစ်ပေါ်စေသည်။ သယံဇာတများ ထုတ်ယူ သုံးစွဲခြင်းမှ ရရှိစေနိုင်သည့် နိုင်ငံခြားငွေများကို သင့်တော်မှန်ကန် စွာမသုံးစွဲပါက တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုတို့ကို အထောက်အပံ့ ဖြစ်စေနိုင်မည် မဟုတ်ပေ။ နိုင်ငံသားများအကြား ဝင်ငွေ ခွဲဝေဖြန့်ဖြူးမှု (Distribution of Income) မညီမျှရာမှ ဆင်းရဲချမ်း သာကွာဟမှု ပိုမိုများပြားလာစေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများကို ဖြစ်ပေါ် နိုင်စေသည်။
ဤကဲ့သို့သော အခြေအနေကို '' Natural Resource Curse '' ဟုခေါ်ဆိုပြီး သဘာဝ သယံဇာတ ချမ်းသာမှု သည် နိုင်ငံတစ်ခုအား စီးပွားရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု (Economic growth and development) ပေးနိုင်ခြင်းထက် စီးပွားရေး တန့်ဆိုင်းခြင်း (Stagnation )နှင့် ပဋိပက္ခ (Conflict) ကို ပိုမို ဖြစ်ပေါ်စေနိုင်သည်ဟု World Bank Economists များက ထောက်ပြ ပြောဆိုခဲ့ကြသည်။ Richard Auty က ၁၉၉၃ ခုနှစ်တွင် Sustaining Development in Mineral Economics; The Resource Curse Thesis ကို ရေးသားကာ Natural Reso-urce Curse သည် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဆီး အတား တစ်ခုပင်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
အဆိုပါပြဿနာကိုကုစားရန် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စည်းကမ်းနှင့်အညီ တာဝန် ယူနိုင်မှု (Accountability)၊ သတင်းအချက်အလက် ရရှိနိုင်မှု (Access to information) နှင့် ထင်သာမြင်သာရှိမှု (သို့မဟုတ်) လျှို့ဝှက်ထိမ်ချန်မှု ဖုံးကွယ်မှုမရှိခြင်း (trans-parency) တို့ လိုအပ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် စည်းမျဉ်း စည်းကမ်းများကို အများသိသာစေရန် ဆောင်ရွက်ခြင်း၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူအဆင်ပြေအောင် ဆောင်ရွက် ခြင်း တို့သာလျှင် အဂတိလိုက်စားမှုကို နည်းပါးစေပြီး ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ် (Good Gover-nance )ရှိရန် ဆောင် ရွက်ရမည့် အခြေခံအချက်များသာ ဖြစ်ကြသည်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ် စေရန်အတွက် အစိုးရ၏ ဌာနများ အကြား ပူးပေါင်း၍ စုပေါင်း တွဲဖက်ဆောင်ရွက်မှုများ (Cooperation, coordination and collective actions) များ လိုအပ်သည်။
အဂတိလိုက်စားမှုသည် ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ စနစ်သို့ တည်ဆောက်ရေး (Practicing Market Economy and Democracy) တို့အတွက် ရန်သူဖြစ်သည်။ အဂတိ လိုက်စားသော အစိုးရသည် အဂတိလိုက်စားမှုကို ဖြစ်ပေါ် စေသော စီးပွားရေးလုပ်ငန်းများ (မှောင်ခိုစီးပွားရေး -Market နှင့် Grey Market) ကို တွန်းအားပေး မြှင့်တင်ခြင်း လာဘ်ပေးသည့် စီးပွားရေး လုပ်ငန်းများကလည်း အဂတိ လိုက်စားသော အစိုးရကိုသာ လိုလားသည်။ အဂတိ လိုက်စားမှုကို ပွင့်လင်း ထင်သာမြင်သာရှိမှု (transparency)နှင့် တာဝန်ယူမှု (accountability) ကို မြှင့်တင်ခြင်းအားဖြင့် ၄င်းတို့အား ချေဖျက်နိုင်သည်။
၎င်းအတွက် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်သော မီဒီယာအသုံးပြုခွင့် (Media Freedom) နှင့် လွတ်လပ်စွာရေး သားခွင့် (Freedom of Expression ) ရှိရန်လည်း လိုအပ်ပေသည်။ အဂတိလိုက်စား မှု လျှော့ချခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့အား တွန်းအားပေးစေသော ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good governance) ကို ဖြစ်ပေါ်စေသည်။ သို့သော် ရိုးသားသော အစိုးရနှင့် စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံတစ်ခု ထူထောင်ခြင်း(Developing efficient state with honest government) သည် Soft power ကို တည်ဆောက်ခြင်း ဖြစ်သောကြောင့် Hard power ထူထောင်ခြင်းထက် အချိန် ပိုမိုကြာမြင့်မည် ဖြစ်သည်။
ထို့ကြောင့် အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတားပင်ဖြစ်သည်။ ၄င်းသည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် ဒီမိုကရေစီမရှိခြင်း (Lack of good governance and democracy) တို့ကြောင့် ဖြစ်ပေါ်လာရပေ သည်။ ဥပဒေများကို လိုအပ်သလို ပြောင်းလဲပြဋ္ဌာန်းခြင်း၊ အလေ့အထများ (Practices) ပြုပြင်ပြောင်းလဲခြင်းဖြင့် အဖွဲ့ အစည်းတို့၏ အားနည်းချက် (Institutional Fai-lure ) တို့ကို ပြုပြင်ရာ ရောက်သည်။ နိုင်ငံများသည် တည်ရှိနေသော သယံဇာတများကို စွမ်းဆောင်ရည်ရှိရှိ၊ အကျိုးရှိရှိ သုံးစွဲခြင်းမှ တစ်ဆင့် စီးပွားရေးပတ်ဝန်းကျင်ကောင်း (Good and attractive economic environment) ဖန်တီးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာရောက်ပြီး ပိုမိုမြင့်မားသော ဖွံ့ဖြိုးမှု အလား အလာကို ဖြစ်ပေါ် လာစေသည်။ သို့မှသာ ဆိုးကျိုးများဖြင့် လည်ပတ်နေသော ဆိုးသွမ်းသံသရာ (Vicious Circle) ထောင်ချာက်မှ လွတ်မြောက်အောင် ကြိုးစားနိုင်မည်ဖြစ်သည်။
အဂတိလိုက်စားမှုအား တိုက်ဖျက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good governance) သည် များစွာ အထောက် အကူပြုပေသည်။ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်တွင် နိုင်ငံသားများအနေဖြင့် မိမိတို့ကို အုပ်ချုပ်နေသည့် အစိုးရအား ပြုလုပ် သင့်သည်များ၊ မပြုလုပ်သင့်သည်များကို ထောက်ပြအရေးဆိုနိုင်ခွင့်ရှိရန် လိုအပ်သည်။ (Good governance includes the capability of citizens to hold the government accountable for its actions and inaction.) သဘာဝ သယံဇာတများမှ ထုတ်ယူရရှိသော ရငွေများ၊ အကောက်ခွန်နှင့် အခွန်ငွေများအပေါ် ကိုယ်ကျိုးရှာ၍ အလွဲသုံးစားပြုနေမှုများ၊ အဂတိ လိုက်စားမှု များကို အဓိက တိုက်ဖျက်ရမည်ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် အစိုးရ၏ နေ့စဉ်ကြိုး စားလုပ်ဆောင်မှုများ တိုးတက် လာပြီး ပြည်သူ့ ဘဏ္ဍာကို ထိန်းသိမ်းစောင့်ရှောက် လာနိုင်ပေသည်။ ထင်သာ မြင်သာရှိမှု (သို့မဟုတ်) လျှို့ဝှက် ထိမ်ချန်မှု၊ ဖုံးကွယ်မှုမရှိခြင်း (Transparency)၊ သတင်းအချက်အလက်ရရှိမှု (Access to Information) ၊ ပြည်သူလူထု၏ ပါဝင်မှု (Civic involvement) တို့နှင့်အတူ အစိုးရ၏ တာဝန်ယူမှုတိုးမြှင့်ခြင်း (Promoting Government accountability ) တို့သည် Good governance အတွက် မရှိမဖြစ် အရေးပါပေသည်။
''ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဖြစ်စေရန်မှာ ကောင်းမွန် သောအုပ်ချုပ်မှုစနစ် (Good governance) လိုအပ်ပေသည်။'' Good Governance , Model of Governance, Clean and Honest Governance ဖြစ်ပေါ်စေရန် အစိုးရဌာနများ အကြား ဒီမိုကရေစီ၏ အစိတ်အပိုင်းများ(Elements of Democracy) က ကျင့်သုံးရန် အောက်ပါအချက်များ လိုအပ် မည်ဖြစ်ပါသည်။
- စီမံခန့်ခွဲမှု၏ အုပ်ချုပ်မှုရေးရာ ခေါင်းဆောင်မှုပိုင်းတွင် ဆောင်ရွက်သမျှအားလုံးအား တာဝန်ယူနိုင်မှု ရှိခြင်း၊ ဆွေးနွေးခွင့်ရှိခြင်း။ (Accountability of Management and adminstrative leadership)
-ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ပြည်သူ့ဘဏ္ဍာရေးကဏ္ဍ (Public Administration and Public Finance တွင် စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် ထိရောက်မှုများ ဖြစ်ပေါ်စေခြင်း၊ စိစစ်မှုနှင့်ထိန်းကျောင်းမှု (Checks and Balances) ရှိစေခြင်း
- ပြိုင်ဆိုင်မှုရှိသောပတ်ဝန်းကျင် တည်ထောင်ခြင်း (Creation of Competitive Environment)
- တရားဥပဒေစည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်း(Respect of Law and regulation) တို့ပင် ဖြစ်ပါသည်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့၏ လက္ခဏာရပ်များ (Elements Human Rights and Democracy) နှင့်စပ် လျဉ်း၍ ပြည်သူလူထုနှင့် အစိုးရတို့အကြား အောက်ပါအချက်များကို လိုက်နာကျင့်သုံးရန် လိုအပ်နေပေသည်။ ၄င်းတို့မှာ-
- ပြည်သူလူထု၏ပါဝင်မှု (Civic involvment) ရှိသော ပြည်သူလူထုကို အခြေပြုသည့်အစိုးရ (People-cen-tered Government) ဖြစ်ရန်လိုအပ်ခြင်း၊ ပွင့်လင်းသော လူ့ဘောင်အဖွဲ့အစည်း (Transparent soci-ety) အဖြစ် အသွင် ကူးပြောင်းရန် လိုအပ်ခြင်း၊ လူမှု အဖွဲ့အစည်းများကို အခြေခံသော အရင်းအမြစ် စီမံခန့်ခွဲမှုလိုအပ်ခြင်း၊
- ထင်သာမြင်သာရှိမှု (Transparency) ရှိခြင်း၊
- ဗဟိုမှချုပ်ကိုင်မှု လျှော့ချ၍ အဆင့်ဆင့်လုပ်ပိုင်ခွင့် အာဏာများပေးကာ တာဝန်ယူမှုရှိစေခြင်း၊ (Decen-tralization with accountability)
- သတင်းအချက်အလက်ရရှိမှု (Access to Informa-tion) ၊ သတင်းများ လွတ်လပ်မှုရှိခြင်း (Freedom of information)
- အစိုးရ၏တာဝန်ယူမှု တိုးမြှင့်ခြင်း (Promotion Government accountability) နှင့်အတူ လွတ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်ခွင့် (Freedom of Expression)
- ကိုယ်ကျိုးစီးပွားလွန်ကဲမှု မရှိစေရန်အတွက် စည်းမျဉ်း၊ မူဘောင်များ ထားရှိခြင်းနှင့်အတူ အဂတိလိုက်စားမှုကို ထိန်းသိမ်းခြင်း (Controlling Corruption) ၊ ဥပဒေစိုးမိုးမှုနှင့် အုပ်ချုပ်မှု အလေ့အထကောင်းများ ဖန်တီးရေးတို့ပင် ဖြစ်သည်။
ကောင်းမွန်သော အုပ်ချုပ်မှု (Good Governance ) တစ်ရပ်၊ အစိုးရကောင်း တစ်ရပ် ပေါ်ပေါက်စေရန် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုကောင်းမွန်စေရန် လိုအပ်ပါသည်။ သန့်ရှင်းသော အစိုးရ (Clean government) ဖြစ်ပေါ်စေရန် အဂတိတရား ကင်းရှင်းရန် လိုအပ်ပေသည်။
လာဘ်ပေး လာဘ်ယူခြင်းသည် တိုင်းပြည်နှင့်လူမျိုးတို့၏ဂုဏ်သိက္ခာ ကိုထိခိုက်စေခြင်းကြောင့် မိမိကိုယ် တိုင်သော် လည်း ကောင်း၊ မိမိတာဝန်ယူရသော အဖွဲ့အစည်းအနေဖြင့်သော် လည်းကောင်း ကင်းကင်း ရှင်းရှင်းရှိစေရန် ကျင့်ကြံနေထိုင် ရပါမည်။

နိုင်ငံတော်မှ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် ရာထူး
အဆင့်အားလွဲမှားစွာအသုံးချ၍ မိမိအပေါင်းအသင်း၊ ဆွေမျိုးများအား အခွင့်အရေး ပိုမိုဖန်တီးပေးခြင်းများ မဖြစ်စေရန် အထူးအရေးကြီးပါသည်။ အထက်ဖော်ပြပါ အချက်များအရသာလျှင် အုပ်ချုပ်မှုကောင်း တစ်ရပ် ဖြစ်ပေါ်စေသည့် အစိုးရ (Good Governance ) နှင့် သန့်ရှင်းသော အစိုးရ (Clean government) အဖြစ် မှတ်ကျောက်တင်နိုင်မည် ဖြစ်ပါသည်။
မှတ်ချက်။ ။ကာင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် ကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ရပ်တို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ခုနှင့်တစ်ခု အမှီသဟဲပြုလျက်ရှိသည်။ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်ပေါ်လာစေရန် နိုင်ငံသား အားလုံး အနေဖြင့် ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားလာအောင် အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ဆရာမ ဒေါက်တာ ဝါဝါမောင်၏ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် စာအုပ်ကို စာဖတ်သူများအတွက် အပတ်စဉ် သောကြာနေ့ တိုင်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment