နေပြည်တော် အောက်တိုဘာ ၈
(၄၅) ကြိမ်မြောက် ကမ္ဘာ့ ကျွမ်းဘား တံခွန်စိုက် အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို
အောက်တိုဘာ(၇)ရက် ဒေသစံတော်ချိန် ညနေ ၆နာရီတွင်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့ရှိ
အားကစားရုံ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
တက်ရောက် အားပေးသည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံ
လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Ma Biao၊ ပြိုင်ပွဲဝင် နိုင်ငံများမှ
အားကစား ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြိုင်ပွဲဝင် အားကစားသမား၊ နိုင်ငံအလိုက်
အသင်း အုပ်ချုပ်သူများ၊ ဒိုင်လူကြီးများ၊ ဖျော်ဖြေရေး အနုပညာရှင်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ် ပါတီအတွင်းရေးမှူး
မစ္စတာ ဖန်ချင်းဝှာ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အားကစား ဝန်ကြီးဌာန ဝန်ကြီး မစ္စတာလျိုဖျင်နှင့်
ကမ္ဘာ့ကျွမ်းဘား အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Bruno Grandi တို့က
အမှာစကား ပြောကြားကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံ လွှတ်တော်
ဒုတိယဥက္ကဋ္ဌ Mr. Ma Biao က အားကစား ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များက ကျွမ်းဘား ပြိုင်ပွဲများကို ကြည့်ရှု အားပေးခဲ့Jကြသည်။
ယခုကျင်းပသည့် ကျွမ်းဘား ပြိုင်ပွဲကို အောက်တိုဘာ (၁၂)ရက်အထိ ကျင်းပမည်ဖြစ်ပြီး
နိုင်ငံပေါင်း (၇၃)နိုင်ငံမှ ကျွမ်းဘား အားကစားသမား (၆၀၀)ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမည်
ဖြစ်သည်။ ပြိုင်ပွဲတွင် အမျိုးသား (၂၃) နှစ်အောက် (၃၄၃)ဦး၊ အမျိုးသမီး (၁၉)နှစ်အောက်
အမျိုးသမီး (၂၇၆)ဦး ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ဒုတိယ သမ္မတနှင့် အဖွဲ့သည် နန်နင်းမြို့ ဝူထန်ကျေးရွာ
အုပ်စု ဆေးရုံသို့ သွားရောက် ကြည့်ရှု လေ့လာကြသည်။
ဒုတိယသမ္မတအား ဆေးရုံ အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ၊
ဝန်ထမ်း အင်အား၊ ဆေးရုံသုံး ပစ္စည်းများ တပ်ဆင် ထားရှိမှု၊ ရောဂါများ ကုသ ဆောင်ရွက်ပေးနိုင်မှု၊
ဆေးရုံ အတွက် အစိုးရက နှစ်စဉ် ထောက်ပံ့ ပေးနေမှု၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားမှု၊
အစိုးရက ကျန်းမာရေး အာမခံကြေး ပေးသွင်း ထားပေးမှု၊ ဆေးကုသ ကုန်ကျစရိတ်အား သတ်မှတ်ရာခိုင်နှုန်း
အတိုင်း ကျခံပေးမှု၊ ဆေးကုသရာတွင် အစိုးရ၏ သတ်မှတ် ထားသည့် စံချိန်စံညွှန်းများ အတိုင်း
ကုသပေးနေမှု၊ ဒေသခံ ပြည်သူများနှင့် ကျေးရွာများသို့ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်
ပေးနေမှုတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံအတွင်း လူနာများအား အနောက်တိုင်း ဆေးပညာ၊ တိုင်းရင်းဆေး
ပညာတို့ဖြင့် ဆေးကုသပေးနေမှု၊ ဆေးရုံသုံး စက်ကိရိယာများဖြင့် ဆေးကုသ ပေးနေမှုတို့ကို
လိုက်လံ ကြည့်ရှုသည်။
အဆိုပါ ဆေးရုံသည် ၁၉၅၆ ခုနှစ်က တည်ထောင် ထားသည့် (၇၆) ခုတင်ဆံ့ ဆေးရုံဖြစ်ကာ
ဝန်ထမ်း အင်အား (၁၁၅)ဦးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် နန်နင်းမြို့ ရှင်းရှို့ရပ်ကွက် ဒေသန္တရ ကျန်းမာရေး
ဆေးခန်းသို့ ရောက်ရှိပြီး လူနာများအား ဆေးကုသ ပေးနေမှု၊ ပြင်ပလူနာဌာန၊ မှတ်တမ်းဌာနနှင့်
တိုင်းရင်းဆေးဖြင့် ကုသပေး နေမှုတို့ကို ကြည့်ရှုသည်။
အဆိုပါ ဆေးခန်းတွင် ဒေသခံ ပြည်သူများအား ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကလေးငယ်များ၊
ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများ၊ နာတာရှည် ရောဂါသည်များနှင့် စိတ်ရောဂါ
ဝေဒနာရှင် များအား ကုသပေးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် ရပ်ကွက်(၉) ရပ်ကွက်မှ ပြည်သူ (၇၀၀၀၀)ကျော်အား ကျန်းမာရေး စောင့်ရှောက်မှု
ပေးလျက်ရှိပြီး ကုသမှု မှတ်တမ်းများ ထိန်းသိမ်းခြင်းတို့ကိုလည်း ဆောင်ရွက် ထားရှိကြောင်း
သိရသည်။
ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီ (၁၅)မိနစ်တွင်
နန်နင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညနေ
(၄)နာရီ (၁၀)မိနစ်တွင် ပြန်လည် ရောက်ရှိကြသည်။




No comments:
Post a Comment