Home

Friday, September 12, 2014

ဝင်ငွေနှစ်ဆရရှိ၍ ကောက်စိုက်လုံမေ သုတ်သူကြီးများ တွက်ခြေကိုက်

သာစည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးစပါးများစိုက်ပျိုးလျက်ရှိရာ ကောက်စိုက်လုံမေ သုတ်သူကြီးလုပ်သူများ သုတ်သူကြီးခနှင့် နေ့တွက်လုပ်အားခ ရရှိသဖြင့် ဝင်ငွေနှစ်ဆရရှိပြီး တွက်ခြေကိုက်ကြောင်းသိရသည်။

ကောက်စိုက်လုံမေများကို စုစည်းပြီး ကောက်စိုက်သုတ်သူကြီးအဖြစ် ဆောင်ရွက်ခြင်းဖြင့် လယ်ပိုင်ရှင်များက စပါး စိုက်ပျိုးရန် ကောက်စိုက်လုံမေများကို တစ်ဦးချင်းခေါ်ယူစရာမလိုဘဲ ကောက်စိုက်လုံမေ သုတ်သူကြီးထံမှာ ခေါ်ယူလိုတဲ့ ကောက်စိုက်လုံမေအရေအတွက်ကို ပြောပြီး ခေါ်ယူရကြောင်း၊ ကောက်စိုက်လုံ မေသုတ်သူကြီးလုပ်သူ က ကောက်စိုက်လုံမေအရေအတွက်နဲ့ လယ်ပိုင်ရှင်စိုက်ပျိုးလိုတဲ့ရက်ကို စီမံပြီးလက်ခံရကြောင်း၊ လယ်ပိုင်ရှင်က စိုက်ပျိုးရန် လူတကျိတ်(၁၀ ယောက်)ခေါ်လျင် သုတ်သူကြီးအတွက် သုတ်ခအဖြစ် အလုပ်သမားတစ်ယောက် အတွက် နေ့ခကို ပိုပေးရကြောင်း၊ ကောက်စိုက်လုံမေတစ်ယောက်ကို တစ်ရက် ၂၅၀၀/-ပေး၍ ငှားရမ်းပြီး သုတ်သူကြီး လုပ်သူက ကိုယ်တိုင်ဝင်ပြီးကောက်စိုက်ရင် နေ့တွက်ခ ၂၅၀၀/-နဲ့ သုတ်ခ ၂၅၀၀/-ရရှိသဖြင့် ဝင်ငွေနှစ်ဆရရှိပြီး ကောက်စိုက်လုံမေများထက် ဝင်ငွေကောင်းပြီးတွက်ခြေကိုက်ကြောင်းသိရသည်။
“ကျွန်မက ကောက်စိုက်သုတ်သူကြီးအဖြစ် နှစ်တိုင်းဆောင်ရွက်လာတာ ဒီနှစ်ကောက်စိုက်လုံမေ ၃၀ ဦးနဲ့ သုတ်သူကြီးအဖြစ်ဆောင်ရွက်ပါတယ်။ သုတ်သူကြီးဆိုတော့လယ်ပိုင်ရှင်များ စိုက်ပျိုးလိုတဲ့ရက်ကိုညှိနှိုင်းပြီး ကောက်စိုက်လုံမေများ စီမံပေးရပါတယ်။ ညနေဆို နောက်ရက်အတွက် ကောက်စိုက်လုံမေလူဆင့်ခေါ်ရတယ်။ ငွေလိုတဲ့ ကောက်စိုက်လုံမေများကိုလည်း ငွေကြိုပေးထားရပါတယ်။ ကောက်စိုက်ရက်ကိုတော့ ရက် ၂၀ အထိကြိုတင်စီမံပြီး လက်ခံပါတယ်။ ကောက်စိုက်လုံမေ(၁၀)ယောက်ကို တကျိတ်ဖြစ်ပြီး (၁၀)ယောက်ခေါ်ယူပါက လယ်ပိုင်ရှင်က တစ်ယောက်တွက်နေ့ခကို သုတ်သူကြီးကိုပေးရပါတယ်။

ကောက်စိုက်သုတ်ရှိ ကောက်စိုက်လုံမေ လူ ၃၀ ဦးစလုံးစိုက်ပျိုးရတဲ့ရက်ဆိုရင် သုတ်သူကြီးအတွက် လုပ်အားခအပြင် သုတ်ခအဖြစ် ၃ ဦးတွက် နေ့ခအပိုရရှိတဲ့ အတွက် သုတ်သူကြီးလုပ်ရတာ ဝင်ငွေကောင်းပါတယ်” ဟု သာစည်မြို့နယ် ကျီတိုင်ကုန်းကျေးရွာမှ ကောက်စိုက် လုံမေ သုတ်သူကြီးလုပ်သူတစ်ဦးက ပြောပြသည်။

No comments:

Post a Comment