Home

Friday, September 12, 2014

ညောင်ဦးမြို့နယ် ယမ်ဇမ်းကျေးရွာ ပုဏ္ဏားကန် တိမ်ကောမှုနှင့် ကန်ရေ ကောင်းမွန်အောင် ပြုပြင်ပေး ရန် ဒေသခံများလိုလား

ညောင်ဦး၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ ယမ်ဇမ်းကျေးရွာ ပုဏ္ဏားကန်သည် ယခုအခါတွင် တိမ်ကောနေပြီး ကန်ရေလာလွဲထွက်နေပါသဖြင့် ကန်အတွင်းသို့ ရေမဝင်ပါ။ သို့ဖြစ်ပါ၍ ပြုပြင်ပေးစေလိုကြောင်း ဒေသခံ ပြည်သူများကပြောသည်။

ယမ်ဇမ်းကျေးရွာတွင် အိမ်ခြေ ၂၅၀၊ ရွာသာအေး ကျေးရွာတွင် အိမ်ခြေ ၂၂၀ စုစုပေါင်း အိမ်ခြေ ၄၇၀ တွင် နှစ် ရွာပေါင်း နွားအကောင်းရေ တစ်ထောင်ကျော်ရှိပြီး ယင်းကျေးရွာများမှ သောက်သုံးရေအတွက် ပုဏ္ဏားကန်ကို အမှီပြု သုံးစွဲလျက် ရှိရာ ယင်းကန်အား ပြုပြင်ပါက အဆိုပါကျေးရွာများမှ သောက်သုံးရေအခက် အခဲအား ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ညောင်ဦးမြို့နယ် ယမ်းဇမ်းကျေးရွာတွင် ရှေးယခင် ပုဂံပြည့်ရှင် အနော်ရထာဘုရင် လက်ထက်က တည်ထားခဲ့သော ကန်ကြီးတစ်ကန်ရှိခဲ့ပြီး ကန်ကိုအနော်ရထာမင်း၏ နန်းတွင်းသူ၊ နန်းတွင်း သားများနှင့် ပုဏ္ဏားများတည်ခဲ့သောကြောင့် ပုဏ္ဏားကန်ဟု အမည်တွင်ခဲ့ကြကြောင်း သိရသည်။
"ယမ်ဇမ်းကျေးရွာမှာ တည်ရှိတဲ့ ပုဏ္ဏားကန်ကို ရှေးအခါက ယမ်ဇမ်းရွာနဲ့ ရွာသာအေးရွာ နှစ်ရွာပေါင်း သောက် သုံး ရေအဖြစ်သုံးရာမှာ နှစ်ပတ်လည် သောက်သုံးရသော ကန်ကြီးဖြစ်ခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှာတော့ မိုးက မှန်မှန်မရွာ၊ ရွာပြန်သော်လည်း ကန်ကို ရေမဝင်၊ ရေဝင်ပြန်သော်လည်း ရေက ကြာရှည်မနေ၊ တိမ်ကောနေတဲ့အတွက် ရေစုပ် မြန်တယ်။ အလွန်သောက်ရမှ တစ်လခွဲ နှစ်လလောက်ပဲ။ မှီခိုသောက်သုံးရတဲ့အတွက် ပြုပြင်ပေးစေလိုပါတယ်" ဟု ယမ်းဇမ်းကျေး ရွာရှိ ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါကန်မှာ ကန်ရေဝင်လျှင် ဝင်ငွေနည်းပါးသော ကျေးလက်နေ မိသားစုများတွင်ရေဖိုးအကုန်သက်သာ မည်ဖြစ်ပြီး ရေ ကိုပေါပေါသီသီ သုံးနိုင်မည်ဖြစ်သည့်အတွက်ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်မည်ဖြစ်ပြီး ယခုအခါ အဆိုပါ ကျေးရွာနှစ် ရွာတွင် စက်ရေတွင်း တစ်တွင်းစီသာရှိကြောင်း သိရသည်။
"တူးဖော်ထားတဲ့စက်ရေတွင်းက ရေတစ်စည်ကို ၁၂၅ကျပ် ပေးဝယ်ရတယ်။ ရေပဒေသာရေလည်းရှိတယ်။ ရေပဒေသာ ရေမှာ တစ်လကို ခုနစ်ရက်ပဲရတယ်။ ရေတစ်စည်ကို ၇၅ ကျပ်ပေးရတယ်။ ရေဝယ်ရတဲ့အတွက် ဝင်ငွေနည်း ပါးတဲ့ မိသားစုတွေမှာ ဆင်းရဲမှု ပိုမိုတာရှည်နေပါတယ်။ အခုလို မိုးတွင်းအခါမှာ မိုးရေလှောင်ကန်တွေ သိုလှောင်ထား ပါက ကျေးရွာနေပြည် သူများ သောက်ရေ သုံးရေ၊ ချိုးရေအတွက် အခကြေးငွေ ပေးစရာ မလိုဘဲ ရေဖိုးအကုန်သက်သာ မှာဖြစ်တဲ့ အတွက် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု နည်းပါးသွားနိုင်ပါတယ်" ဟု ယမ်းဇမ်းကျေးရွာ အထောက် ကူပြု ဦးဝင်းတင်က ပြောသည်။
"ကျွန်တော်တို့ကန်ရဲ့ ရေလာကန်သင်းရိုးက အရှည်ပေ ၁၀၀၀လောက် ရှည်တယ်။ အမြင့် ၁၀ပေလောက်ရှိတယ်။ အဲဒီလို တောင့်တောင့်တင်းတင်း ကန်သင်းပေါင် ခံပေးလိုက်ရင် ကန်ထဲကို ရေအတည့်ဝင်နိုင်ပါတယ်။ အရင်ကလည်း ကျေးရွာ လူထုနဲ့ မကြာမကြာ တားပါတယ်။ ဒီနှစ်လည်း အခုတားနေဆဲပါ လူတွေတားရုံနဲ့ တစ်နှစ်တစ်ခါ နှစ်တိုင်းလိုလို
ပြုပြင်နေရတယ်။ ဒီလိုလူအားနဲ့ မရနိုင်ပါဘူး" ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့လည်း အနှစ်နှစ်ဆယ်လောက် ရနိုးရနိုးနဲ့ ကျေးရွာပြည်သူလူထုနဲ့တားခဲ့ပါတယ်။ မရပါဘူး။ စက်ယန္တရားနဲ့ ပြုပြင် မယ်ဆိုရင် တစ်ခါတည်းပြီးနိုင်တာပေါ့။ နိုင်ငံတော်က ပြည်သူတွေ လိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေ ရရှိရေးအတွက် ကန်ပြုပြင်ပေး မယ်ဆိုရင် ပြုပြင်ပေးစေလိုပါတယ်" ဟု ယမ်ဇမ်းကျေးရွာနေ ဦးသောင်းဋ္ဌေးက ပြောသည်။
ထို့အတွက်ကြောင့် ကျေးရွာနေပြည်သူများသည် နွားလှည်းဖြင့်လည်းကောင်း၊ လူထုလုပ်အားများဖြင့် လည်းကောင်း နှစ် စဉ် ပြုပြင်နေရပြီး ပြုပြင်နေသော်လည်း ရှေ့ကပြင်နောက်ကပျက် မိုးသည်းထန်စွာ ရွာလျှင်လည်း ပျက်သည်။ နွားလှည်းနှင့် လူလုပ်အားများဖြင့် ပြင်ရသည့်အတွက် ကြာရှည်ခိုင်ခံ့နိုင်မှုမရှိပါ၍ နှစ်ပေါင်းကြာရှည်ခံနိုင်ရန် စက် ယန္တရားနှင့် ပြုပြင်ပေး စေ လိုကြောင်းဒေ သခံများက ပြောသည်။

No comments:

Post a Comment