ရန်ကုန် စက်တင်ဘာ
၁၅
Myanmar
Japan Association (MJA) က ကြီးမှူးကျင်းပသည့် ၂၀၁၄ ခုနှစ်တွင် ကျရောက်သော
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့မှုနှစ် (၆၀) ပြည့်
အထိမ်းအမှတ် မြန်မာ-ဂျပန်အသင်း ပညာရည်ထူးချွန်ဆုအတွက် ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ်ရောက်သည့်
ကျောင်းသား ကျောင်းသူ (၂၀) ဦးသည် မြန်မာ-ဂျပန်အသင်းဥက္ကဋ္ဌ ဦးစောလှမင်း ခေါင်းဆောင်၍ အေအန်အေလေကြောင်း
ခရီးစဉ်အမှတ် NH914 ဖြင့် စက်တင်ဘာ ၆ ရက် ညပိုင်းတွင်
ရန်ကုန်မြို့မှ ထွက်ခွာ သွားရာ ဂျပန်နိုင်ငံတိုကျိုမြို့ နာရီတာလေဆိပ်သို့ စက်တင်ဘာ
၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိကြသည်။
ထိုနေ့တွင် တိုကျိုမြို့ရှိ ကမ္ဘာ့အမြင့်ဆုံး Skytree မျှော်စင်သို့
သွားရောက်လေ့လာပြီး ညပိုင်းတွင် ဂျပန်မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးနှင့်အဖွဲ့က ဂုဏ်ပြုညစာဖြင့်
တည်ခင်းဧည့်ခံခဲ့သည်။ စက်တင်ဘာ ၈ ရက်တွင် တိုကျိုမြို့ အိုဒိုင်းမားရှိ DIVER CITY
နှင့် အမျိုးသားပြတိုက်ကို သွားရောက် လေ့လာကြည့်ရှုကြသည်။ ညနေပိုင်းတွင် တိုကျိုမြို့ဝန်ကြီးချုပ်ရုံး၌
ဂျပန် အစိုးရအဖွဲ့ ဒုတိယအတွင်းဝန်ချုပ် Mr. Hiroshige Seko နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး
ညပိုင်းတွင် ဂျပန်နိုင်ငံ မစ်ဆူအီ ကုမ္ပဏီရုံးချုပ်၌ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr. Masayuki Kinoshita က ညစာဖြင့် တည်ခင်းဧည့်ခံသည်။
စက်တင်ဘာ ၉ ရက်တွင် တိုကျိုမြို့မှ အိုဆာကာမြို့သို့ လေကြောင်းခရီးဖြင့်
သွားရောက်ခဲ့ပြီး ကျိုတိုခရိုင် ကာတိုမြို့နယ်ရှိ တော်ဝင်ဗုဒ္ဓဘာသာ ကျောင်းတော် (Royal
Grand Hall of Buddhism) ကို ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ညနေပိုင်းတွင် ကိုဘေးမြို့ မြေငလျင်ပြတိုက်ကို
လေ့လာခဲ့ကြပြီး ညပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr.Takashi
Nagata က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
စက်တင်ဘာ ၁၀ ရက်တွင် ကိုဘေးမြို့မှ နိုဇိုမိကျည်ဆန်ရထားဖြင့်
ကျိုတိုမြို့သို့ သွားရောက်ကာ ကျိုတိုမြို့ ကျောင်းသားချင်း အတွေ့အကြုံ ဖလှယ်မှု အစီအစဉ်အရ
Ryukoku တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၂၀) နှင့် အဖွဲ့လိုက် ရင်းနှီးခင်မင်စွာ
တွေ့ဆုံ၍ အသိပညာနှင့် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ထို့နောက် မြို့တော်ခန်းမသို့
သွားရောက်၍ ကျိုတိုမြို့တော်ဝန် Mr. DEISAKUKADODAWA အား တွေ့ဆုံပြီး မွန်းလွဲပိုင်းတွင်
RYUKOKU တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့်အတူ ကျိုတိုမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှုများ
ဘုရားကျောင်းများကို သွားရောက်လေ့လာကြသည်။
စက်တင်ဘာ ၁၁ ရက်တွင် ကျိုတိုမှ ဆင်ဒိုင်းမြို့သို့ လေယာဉ်ဖြင့်သွားရောက်၍
ဆင်ဒိုင်းမြို့တော်ဝန်အား တွေ့ဆုံပြီး ဆင်ဒိုင်းမြို့ရှိ Meysen ကောလိပ်တွင် ကျောင်းသား
ကျောင်းသူများနှင့် တွေ့ဆုံကာ အသိပညာ နှင့်အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ယင်းနောက်
Grape City နှင့် Wine Studio ကို ကြည့်ရှု လေ့လာပြီး သက်ဆိုင်ရာ ကျောင်းသား ကျောင်းသူများအိမ်သို့
စက်တင်ဘာ (၁၃) ရက်အထိ Home Stay နေထိုင်ကာ ရင်းနှီးချစ်ကြည်မှုများ တည်ဆောက်နိုင်ခဲ့
ကြသည်။
စက်တင်ဘာ ၁၃ ရက်တွင် Meysen ကောလိပ်မှ ကျောင်းသား ကျောင်းသူများနှင့်အတူ မက်ဆူရှိမာမြစ်
ကြောင်းအတိုင်း သင်္ဘောစီး၍ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ညပိုင်းတွင် Meysen ကောလိပ်က စခန်းသိမ်း
ညစာဖြင့် တည်ခင်းခဲ့သည်။ စက်တင်ဘာ ၁၄ ရက်တွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည်
ဆင်ဒိုင်းမှပြန်လည်ထွက်ခွာလာပြီး တိုကျိုမှတစ်ဆင့် ANA လေကြောင်းဖြင့် ဆက်လက်ထွက်ခွာလာရာ
ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိကြသည်။
ထို့နောက် ညပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီး Signature
Restaurant ၌ မြန်မာ-ဂျပန်အသင်း နာယက ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက လေ့လာရေးခရီးစဉ်
အောင်မြင်စွာ ပြီးဆုံးခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ အဆိုပါ
ညစာစားပွဲတွင် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ ဦးစောလှမင်း ကလည်းကောင်း၊ ထူးချွန်ကျောင်းသားများ
အားလုံးကိုယ်စား ကျောင်းသား (၃) ဦးက လည်းကောင်း၊ လေ့လာရေးခရီးစဉ် အတွေ့အကြုံများကို
ရှင်းလင်းပြောကြား ခဲ့ကြသည်။
ဂျပန်နိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ထူးချွန်ကျောင်းသား
ကျောင်းသူများမှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနက် သိပ္ပံ ဘာသာတွဲ
(၁၅) ဦးနှင့် ဝိဇ္ဇာဘာသာတွဲ (၅) ဦးအား ရွေးချယ်စေလွှတ် ခဲ့ခြင်းဖြစ်ပြီး လေ့လာရေးအတွက်
ကုန်ကျစရိတ်များကို အဓိကအလှူရှင်အဖြစ် ကမ္ဘောဇဘဏ်လီမိတက်က လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment