Home

Sunday, August 24, 2014

ဘောလုံး သမိုင်းမှတ်တိုင်သစ်တစ်ခု အတွက် စကားသံများ






ဘရူနိုင်းနိုင်ငံတွင် သြဂုတ် ၉ မှ ၂၃ ရက်နေ့အထိ  ကျင်းပခဲ့သည့် ဘရုနိုင်းဘုရင့်ဖလားအသက် ၂၁ နှစ်အောက် နိုင်ငံတကာဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယူ -၁၉ အသင်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာယူ-၁၉ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းသည် အုပ်စု  (က)မှ
ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းအသသင်းအား  ၃- ၂ ၊တီမော အား ၃- ၁၊လာအို ၃-၂ ၊ ဖိလစ်ပိုင် အား ၃- ၁ဖြင့် အနိုင်ရရှိကာ အုပ်စု ပထမ ရရှိခဲ့သည်။ ထို့နောက် ဆီးမီင်္းပွဲစဉ်တွင် မလေးရှားအသင်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းအား ၄- ၃ ဖြင့် အနိုင်ရရှိကာ  ဘရုနိုင်းဘုရင့်ဖလား ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့သည်။မြန်မာ့ လက်ရွေးစင် ယူ -၁၉ အသင်းသည် ဘရူနိုင်း ဘုရင့်ဖလား ချန်ပီယံဆုသာမက ပြိုင်ပွဲတလျှောက် အသန့်ရှင်းဆုံးဆု Fair Play Award ကိုပါ ရယူနိုင်ခဲ့ပြီး  ယနေ့ ညနေ - ၄ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုကဲ့သို့ အကောင်းဆုံး ခြေစွမ်းပြ ကစားကာ မြန်မာဂုဏ်ဆောင်နိုင်ခဲ့သည့် ယူ-၁၉ အသင်းအား အနုပညာရှင်များနှင့် ဘောလုံး ချစ်ပြည်သူထောင်ပေါင်းများစွာက သောင်းသောင်းဖျဖျကြိုဆိုခဲ့သည်။
ယူ-၁၉ အသင်း၏ အောင်မြင်မှုများအား နိုင်ငံချစ်စိတ်အပြည့်ဖြင့် တခဲနက် လာရောက်အား ပေးကြိုဆိုခဲ့ကြသည့် ပြည်သူတို့၏ ၀မ်းသာ ပီတိ စကားသံများကို သိရှိနိုင်ရန် မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။
ဦးစိုးမိုးကျော် ညွှန်မှုးစီမံ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်
ဘရူနိုင်း ဘုရင့်ဖလားပွဲမှာ  ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ယူ-၁၉ အသင်းက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကတည်းက ဂျာမနီနည်းပြလက်ထဲကို အပ်ထားတာပါ။ မြန်မာနေရှင်လိဂ် -၂ ပြိုင်ပွဲတွေမှာ ကစားခဲ့တယ်။ ကြားကာလမှလည်း နိုင်ငံတကာပြိုင်ပွဲတွေ သွားကစားခဲ့တယ။် ဂျာမနီမှာလည်း တစ်လနီးပါးလောက် လေ့ကျင့်ချိန် ရခဲ့တယ်။ အဆင့်မြင့်တဲ့ ကလပ် အသင်းတွေနဲ့လည်း ကစားထားတယ်။ အဲဒိကအတွေ့အကြုံတွေက အများကြီး အကျိုးပြုပါတယ်။အခုလို ပွဲတိုင်းကို အနိုင်ရခဲ့တာက   ကလေးတွေရဲ့ကြိုးစားမှု၊ တစ်ဦးချုင်းရဲ့ ခြေစွမ်း၊ နည်းပြရဲ့ နည်းစနစ်ကျွမ်းကျင်မှု၊ တွေလည်းပါ ပါတယ်။ ဗီယက်နမ်က ယူ- ၂၁၊ ကျွန်တော်တို့က ယူ-၁၉ ဆိုတော့ ဗီယက်နမ်နဲ့ ပွဲက နည်းနည်ခက်တယ်။ဗီယက်နမ်က ကျွန်တော်တို့အတွက် တကယ့် ပြိုင်ဖက်အသင်းတစ်သင်းပါ။ ကျွန်တော်တို့ဆီမှာ TV က တိုက်ရိုက်ပြသလို သူတို့ဆီမှာလည်း ပြတယ်။ သူတို့ကလည်း နိုင်ဖို့ အားခဲထား တယ်။လာအားပေးတဲ့ ပရိသတ်အင်အားဆိုလည်း ဗီယက်နမ်က ကျွန်တော်တို့ထက် ပိုများတယ်။ ဗီယက်နမ် အသင်းဆိုရင် ဘောလုံးနဲ့ ပတ်သက်ရင် အရှေ့တောင်အာရှမှာ ပြင်ဆင်မှု အကောင်းဆုံးလည်းဖြစ် တဲ့အတွက် ခက်ခက်ခဲခဲ ကစားရတယ်။ ကျွန်တော်တို့က ဘရူနိုင်းဖလားတစ်ခါမှ မရဖူးသေးဘူးဆိုတော့ အရမ်းလိုချင်တယ်။ လိုချင်တဲ့အတိုင်းလည်း ကလေးတွေလည်း ခက်ခက်ကြိုးစားတယ်။ အရည်အချင်းလည်း ရှိတယ်။ ထိုက်ထိုက်တန်တန်လည်းဖြစ်လို့ ဖလားရတာပေါ့။ကျွန်တော်တို့ မျိုးဆက်သစ်တွေကို မွေးထုတ်ရမယ်။ အချိန်တစ်ခု စောင့်ရမယ်။ ပံ့ပိုးမှုတွေ ဒီထက်ကောင်းအောင်လည်း လုပ်ရမယ်။ လူငယ်ပြိုင်ပွဲတွေ ၊ ကျောင်းပြိုင်ပွဲတွေ လုပ်ရမယ်။ ဒီ ယူ-၁၉ အသင်းနဲ့ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဖူးခက်ကိုသွားမယ်။ထိုင်း ယူ-၂၃ အသင်းနဲ့ ခြေစမ်းမယ်။ပြီးရင် ဖူးခက်ကနေတစ်ဆင့် ဗီယက်နမ် ဟနွိုင်းမြို့မှာ စက်တင်ဘာ ၅ ကနေ ၁၃ အထိ ကျင်းပမယ့်  ( AFF Nutifood  U-19 Cup  2014 ) ပြိုင်ပွဲကို ၀င်ပြိုင်မှာ ဖြစ်ပါတယ်။နောက်ထပ် ဖလားရအောင်လည်း ကြိုးစားသွားမယ်။ အောက်တိုဘာ ၉ ရက်ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ  ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (2014  AFC U-19 Championship ) မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံပါဝင်မယ်။ အဲဒိပြိုင်ပွဲမှာလည်း အိမ်ရှင်နိုင်ငံအနေနဲ့ ဆုတစ်ခု ရအောင်ကြိုးစားသွားမယ်။ ထူးခြားတာက အရှေ့တောင်အာရှမှာ ဘောလုံး အားကစား အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်ကို ပြိုင်ပွဲတစ်ခုတည်းမှာ အနိုင်ရခဲ့တာ ဒါပထမဆုံးဖြစ်ပါတယ်။

ကိုထွန်းထွန်းဝင်း ဘောလုံးအားကစားဝါသနာရှင်တစ်ဦး
ယူ- ၁၉ အသင်းက စခန်းသွင်းလေ့ကျင့်နေတာ ကြာပြီလို့ ကျွန်တော်တို့ သိရတယ်။ ဘောလုံးအဖွဲ့ ချုပ်အနေနဲ့လည်း ဒီကလေးတွေကို ဂျာမနီလို နိုင်ငံမျိုးအထိ စေလွှတ်ပြီး ယုံကြည်မှုရှိအောင် ၊ အတွေ့အကြုံရ အောင် ၊ ရဲရဲ တင်းတင်း ကစားတတ်အောင် ရေရှည်စီမံကိန်းထား လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို ဖလားရတာ လို့ ကျွန်တော်ထင်တယ်။ မလေးရှားနဲ့ ကစားတယ်။ ထိုင်းနဲ့ကစားတယ်။ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးတဲ့ ကစားကွက်တွေ၊ ဂိုးသွင်းတာတွေ မြင်ရတယ်။အရင်တုန်းက မြန်မာကစားတဲ့ပုံစံက အခြားအသင်းတွေက ကျွန်တော်တို့ရဲ့ ကစားကွက်ကို မှတ်နိုင်တယ်။ အရမ်းရိုးရှင်းတယ် ။ အခု ယူ-၁၉ အသင်းကတော့ ကျွန်တော်တို့ ထင်မှတ်မထားဘဲနဲ့ သူတို့ရဲ့ ကစားပုံက အရမ်းကောင်းတယ်။ ပြည်တွင်းမှာ သူတို့လေ့ကျင့်တာ ကျွန်တော် သွားကြည့်ဖူးတယ်။ ဒါပေမယ့် ဂျာမနီက ပြန်လာပြီး အခု ပြိုင်ပွဲဝင်တဲ့ ပုံစံက အရမ်းကို ကွားသွားပြီ။ ဘောလုံးအရမ်းကြပ်နေတာတောင် ကိုယ့်ကစားသမားကို ယုံယုံကြည်ကြည်ရဲရဲတင်းတင်းပေးဆော့ရဲတယ်။ ရဲရဲတင်းတင်း ပိတ်ဆော့တာ၊ ကစားကွက် ၊ ဂိုးသွင်းတဲ့ အပိုင်းမှာ ပရိယာယ် အရမ်းပါတယ်။ အရင်လို ရိုးရိုးရှင်းရှင်း မဟုတ်တော့ဘူး ။ မလေးရှားနဲ့ ပွဲဆိုရင် ကျွန်တော်တို့ ရင်သပ်ရှုမော ကြည့်ခဲ့ရတယ်။ မနေ့ က ဗီယက်နမ်နဲ့ ပွဲဆိုလည်း ဗီယက်နမ် အသင်းက ကစားတာ တော်တော်ကောင်းတယ်။ တစ်ဂိုး ချေပဂိုးသွင်းပြီးတဲ့ အချိန်မှာ ဗီယက်နမ်က ကစားကွက်က အရမ်းသာနေတယ်။ နောက် ၂-၁ ဖြစ်သွားတယ်။ ဒါမျိုးဖြစ်လာပြီဆိုရင် အရင်က ကျွန်တော်တို့ ကစားသမားတွေဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားနည်းသွားတယ်။ ညစ်ကန်ကန်ဖြစ် သွားတယ်။  သူတို့က အဲလိုမဟုတ်ဘူး။ဂိုးပြန်ရဖို့ ကျားကုတ် ကျားခဲ ကြိုးစားတယ်။ အဲဒါလေးက ချီးကျူးဖို့ ကောင်းတယ်။ချေပဂိုးရတဲ့ အပြင် အနိုင်ဂိုးပါရသွားတယ်။အနိုင်ဂိုးကို ထိန်းသိမ်းသွားတာလေးတွေ၊ ရှေ့တန်းသမားတွေက အစ နောက်ထိ လိုက်ချိတ်ပြီး တစ်သင်းလုံးကစားသွားတာလေးတွေ အရမ်းကောင်း ပါတယ။် အဲဒါကြောင့် တကယ့်ကို ဂုဏ်ပြုချင်လို့ အခုလို ဒီမှာ လာကြိုတာဖြစ်ပါတယ်။  ယူ-၁၉ အသင်းက ရေခံ မြေခံ ကောင်းတယ်လို့ ပြောလို့ရတယ်။ စနစ်တကျ သေချာလေ့ကျင့်ပေးမယ်၊ ခြေစမ်းပွဲတွေ များများလုပ် ပေးမယ်။ အခုထက်ပိုတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်မယ့် ဖိတ်ခေါ်ပြိုင်ပွဲတွေ များများ လုပ်ပေးနိုင်မယ်ဆိုရင် ၂၀၁၅ ဆီးဂိမ်းမှာ ဒီကလေးတွေရဲ့ အသက်အရွယ်နဲ့ မှန်းဆပြီး ကျွန်တော်တို့ အားလုံးမျှော်လင့်နေတဲ့ ရွှေဆုကို ရယူနိုင်မယ်လို့ ထင်ပါတယ်။
ထားထက်ထက် (အနုပညာရှင်)
ကျွန်မတို့က ကိုယ့်နိုင်ငံ ဂုဏ်ဆောင်တဲ့ Miss တစ်ယောက်အနေနဲ့ မြန်မာ့ဂုဏ်ဆောင်လာတဲ့ ဘောလုံးအားကစားသမားတွေ ပိုပြီး အားရှိသွားအောင် အခုလို လာကြိုခြင်းဖြစ်ပါတယ်။ပရီးမီယားလိဂ်၊ ချန်ပီယံလိဂ်တို့ နိုင်ငံခြားပွဲတွေဆို သိပ်မကြည့်ဖြစ်ဘူး ။ မြန်မာပါတဲ့ ဘောလုံးပွဲတွေဆို မလွတ်တမ်းကြည့်ပါတယ်။အားကစားထဲမှာဆို ဘောလုံးကစားနည်းကို ပြည်သူတွေက အားပေးကြတယ်။ မြန်မာဘောလုံးသမားတွေ နိုင်လာတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ။် ယူ-၁၉ ကနေ စပြီး ဆီးဂိမ်းပြိုင်ပွဲတွေအထိ အောင်မြင်မှုတွေ ရရှိပါစေလို့လည်း ထားထက်ဆုတောင်ပေးပါတယ်။
 ခင်ဝင့်ဝါ(အနုပညာရှင်)
ယူ- ၁၉ က အခုလိုအောင်မြင်မှုတွေ ရတဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ လာကြိုတာဖြစ်ပါတယ်။ ဘောလုံးချစ်တဲ့ ပရိသတ်တွေ ကိုယ်စားမြန်မာအသင်းက ဖလားယူလာပေးတဲ့အတွက် အများကြီး ၀မ်းသာတယ်။ကျေးဇူးလည်း တင်ပါတယ်။ ဘောလုံးချစ်တဲ့ ပရိသတ်တွေကိုလည်း အခုလိုမျိုး သောင်းသောင်း ဖျဖျ အမြဲကြိုဆိုပေးပါလို့ ပြောချင်ပါတယ်။မြန်မာဘောလုံးအသင်းကလည် ပွဲတိုင်းမှာ ရွှေအမြဲဆွတ်ခူး နိုင်ပါစေလို့ ကျွန်မက ဆုတောင်းပေးပါတယ်။
ဒေါ်သိမ့်သိမ့်မိုး  အား/ကာ သိပ္ပံ (ရန်ကုန်) နည်းစနစ်မှုး
အောင်ပွဲတွေ ရလာတဲ့ အားကစားသမားတွေကို ကျွန်မတို့ အား/ကာသိပ္ပံက ကျောင်းသားတွေနဲ့ ဒိလို အမြဲလာကြိုပါတယ်။ ကျွန်မတို့ကျောင်းမှာ ဘောလုံး၊  မြားပစ်၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ၀ူရူး၊ ရေကူး၊ အလေးမ၊ စစ်တုရင်၊ ဘော်လီဘော၊ ဘက်စကက်ဘော စတဲ့ အားကစားနည်း (၂၅)မျိုးကို လေ့ကျင့် သင်ကြားပေးနေပါတယ်။ကလေးတွေက ၈ တန်း၊ ၉တန်း၊ ၁၀ တန်း အရွယ် အသက် ၁၄ ကနေ ၁၆ အထိဖြစ်ပြီး အားကစားနည်းတွေနဲ့ ပညာရေးမျှအောင် လေ့ကျင့်ပျိုးထောင်ပေးပါတယ်။ အား/ ကာသိပ္ပံ တက်ချင်လို့လာတဲ့ကလေးတွေကို ကြံ့ခိုင်စွမ်းရည် ငါးမျိုးကိုစစ်ပါတယ်။ကျောင်းမနေတဲ့ ကလေးတွေကို မခေါ်ပါဘူး။ အသက်နဲ့ အတန်း ကိုက်တဲ့ကလေးကိုပဲ ခေါ်ပါတယ်။ ရောဂါကင်းရှင်းတဲ့ ကလေးဖြစ်ရပါမယ။်အားကစား ၀ါသနာပါတဲ့ကလေး၊ အားကစားထူးချွန်တဲ့ကလေးတွေ အား/ သိပ္ပံကို တက်ချင်ရင် အချိန်မရွေး လာရောက်လျှောက်ထားနိုင်ပါတယ်။
နီလာလွင်  အား/ကာသိပ္ပံ (ရန်ကုန်)  ကျောင်းသူ
ဘရူနိုင်းဘုရင့်ဖလားမှာ ပထမရလာတဲ့ ဘောလုံးသမားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်တဲ့ အနေနဲ့ သွားယှဉ်ပြိုင်ပြီး  ဆုဖလားရလာတာ ဆိုတော့ သမီင်္းအနေနဲ့ အရမ်းဝမ်းသာပါတယ။် သမီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြု ကစားရင်း ရန်ကုန် အား/ကာသိပ္ပံကို ရောက်လာတာဖြစ်ပါတယ်။သမီး အခု အားကစားသိပ္ပံမှာ ဘောလုံးအားကစားကို လေ့ကျင့် နေတာဖြစ်ပါတယ။်သမီင်္း သူတို့ကို အရမ်းအားကျတယ်။ ဒီ အား/ကာသိပ္ပံကနေပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်တဲ့ ဘောလုံးအားကစားလက်ရွေးစင် တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း မျှော်မှန်းထားပါ တယ။်
ဘရူနိုင်း ဘုရင့်ဖလား ဘောလုံး ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် မြန်မာနိုင်ငံသည် အမြင့်ဆုံးအနေဖြင့် ဒုတိယဆု နှစ်ကြိမ်သာ ရရှိခဲ့ဖူးသည်။ ယခု ကျင်းပသည့်  (၅) ကြိမ်မြောက် ဘရူနိုင်း ဘုရင့်ဖလား ဘောလုံး ပြိုင်ပွဲတွင် ဘရူနိုင်း ဘုရင့်ဖလား ချန်ပီယံဆုသာမက ပြိုင်ပွဲတလျှောက် အသန့်ရှင်းဆုံးဆုကိုပါ ဆွတ်ခူး၍ မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။  

No comments:

Post a Comment