ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကြားအင်းဆိပ်ကြီးမြို့ အောက်ဆီဂျင်စက်ရုံသစ်အား ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင် မော်အေး၊ ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကြာအင်းဆိပ်ကြီး မြို့ မင်္ဂလာရိပ်သာတောရကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါသဝအား ဖူးမျှော် ကြည်ညို၍ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆွမ်းဆန်တော်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင် ဟိုတယ်တွင် ကျင်းပပြုလုပ်သော အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ “အောင်” အောက်ဆီဂျင်စက်ရုံဥက္ကဋ္ဌ ဦးသိန်းဦးက အောက်ဆီဂျင်စက်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၊ KNU တပ်မဟာ (၆)တပ်မဟာမှူးစောဆာမိ၊ ကြာအင်းဆိပ်ကြီးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းနှင့် “အောင်” အောက်ဆီဂျင်စက်ရုံဥက္ကဋ္ဌ ဦးသိန်းဦးတို့က အောက်ဆီဂျင်စက်ရုံသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ ကာ စက်ရုံအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
“အောင်” အောက်ဆီဂျင်စက်ရုံသစ်ကို အောင်ပိုင်မိုးမြေ ကုမ္ပဏီလိမိတက်မှ ငွေကျပ် ၇၈၀ သိန်းဖြင့် တစ်နာရီလျှင် (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုး ၄ လုံး ထုတ်လုပ်နိုင်သည့် တရုတ်နိုင်ငံထုတ် စက် ကို ဝယ်ယူမတည်လှူဒါန်းခဲ့ပြီး အများပြည်သူ ထည့်ဝင်လှူဒါန်းငွေကျပ် ၄၅၀ သိန်းဖြင့် (၄၀) လီတာ ဆလင်ဒါအိုး (၁၅၀) ကို ဝယ်ယူကာ ယနေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မိုးစပါးဆင်း သုခ (RC-CS) မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲနုတ်ပယ်ပွဲ၌ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လိုအပ်ချက်များအား မေးမြန်းဆွေးနွေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကာ ဗမာနံနံ၊ ပြောင်းချို၊ ဟင်းသီး ဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုးကွဲနုတ်ပယ်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကြာအင်းဆိပ်ကြီး မြို့နယ်တွင် လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြား စောင့် တပ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက် Cyclone Shelter ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ်(၆)သန်းဖြင့် နှစ်ခန်းတွဲ RC သန့်စင်ခန်း တည်ဆောက်ပြီးစီးမှု၊ ခွင့်ပြုငွေ (၆ဒသမ၆) သန်း ဖြင့် ဂါလံ (၃၀၀၀)ဆံ့ အများသုံး ရေကန် ဆောက်လုပ်ပြီးစီးမှုနှင့် ခွင့်ပြုငွေကျပ် ၇ ဒသမ ၄ သန်းဖြင့် Cyclone Shelter ဘေးမြေထိန်း နံရံပြုလုပ်ပြီးစီးမှုတို့အား သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ တိုးချဲ့(၂) ထပ်ဆောင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကြာအင်းကရင်နှစ်ခြင်း အသင်းတော်၌ ကြာအင်း သာသနာနယ် သင်းအုပ်ဆရာတော်ကြီးများအား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး ဆန်၊ ဆီအစရှိသော စားသောက်ကုန်များ၊ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်များ၊ ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
No comments:
Post a Comment