Home

Monday, September 23, 2019

Yangon Excelsior Hotel အား အမွေအနှစ် အထိမ်းအမှတ် ကမ္ပည်းပြား တပ်ဆင်မည်




ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းရှိ Yangon Excelsior Hotel အား စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် (၃၃)ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ဒီအဆောက်အအုံကတော့ ၁၉၃၀ ဝန်းကျင်မှာ ဆောက်ခဲ့တဲ့ အဆောက် အအုံပါ နဂိုတုန်းကတော့ စတီးဘရားသား ကုမ္ပဏီရုံးခန်းအဖြစ် သုံးခဲ့တယ်လို့ ကျွန်တော်တို့ သိရတယ်၊ နောက်ပိုင်းမှာတော့ ကုန်သွယ် ရေး ဘက်က ယူသုံးတယ် နောက်ဆုံး မြန်မာ့ကုန်တိုက်ရုံးတို့၊ နယ်စပ် ကုန်သွယ်ရေးရုံးတို့ အစရှိတာတွေကို သုံးခဲ့ပြီးတော့ လောလော ဆယ်မှာ တော့ ရှေးမူမပျက်ပြုပြင်ပြီး Yangon Excelsior Hotel အဖြစ် ပြန်လည်ပြုပြင်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောသည်။
အဆိုပါ ဟိုတယ်မှာ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ပေးအပ်သည့် အမွေအနှစ်ဆိုင်ရာဆု အမွေ အနှစ်အား ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး အသုံးပြု ခြင်းရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် ဆူးလေဘုရားအနီးရှိ တိုးရစ်ဘားမား အဆောက်အအုံ အင်းလျားလိတ် ဟိုတယ် အင်းလျားကန်နှင့် မြန်မာအမျိုးသားလေကြောင်းလိုင်းရုံး (ယခင် ဘုံဘေဘားမားကုမ္ပဏီရုံးချုပ်)တို့ကို ၂၀၁၉ ခုနှစ် မကုန်ခင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ပြီး နောင်နှစ်များ တွင်လည်း အမွေအနှစ် အဆောက်အအုံနှင့် သဘာ၀အမွေအနှစ်များ အပြင် နာမည် ကြီးပြီး ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ နေအိမ်များကိုလည်း အပြာရောင်ကမ္ပည်းပြားများ ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဓိကကတော့ လူတွေသိပြီးသား အဆောက်အအုံ တွေရှိတယ်၊ မသိသေးတဲ့ အဆောက်အအုံတွေရှိတယ်၊ ဒါတွေကို လူတွေသိ လာပြီးတော့ တန်ဖိုးထား ထိန်းသိမ်း တတ်လာစေဖို့ အဆောက် အအုံတွေမှာ ရေးထားတဲ့ သမိုင်းက တစ်ဆင့် ရန်ကုန်မြို့ရဲ့ သမိုင်းတစ်ခု ပီပီပြင်ပြင် ပေါ်ပေါက်လာဖို့အတွက်ပါ၊ ခရီးသွားတွေလည်း ရန်ကုန်မြို့ရဲ့ သမိုင်းကို သိလာဖို့ ရည်ရွယ်ပါတယ်။ အမွေအနှစ်အထိမ်းအမှတ် တပ်ဆင်တာတွေ ဒီထက် ပိုများလာလေလေ သွားရင်းလာရင်းနဲ့ ရန်ကုန်မြို့သမိုင်းကို လွယ်လွယ်ကူကူ လေ့လာနိုင်မယ်၊ ဒီအဆောက် အအုံတွေရဲ့ကြားထဲမှာ လူတွေက နေ့စဉ်ဖြတ်သန်း သွားလာနေကြတာပဲ၊ ဒါပေမယ့် ဒီအဆောက်အအုံကြီးတွေရဲ့ သမိုင်းတို့ အရင်ကဘယ်လို ခေါ်ခဲ့ တယ်၊ ဘယ်နှစ်ခုနှစ်မှာဆောက်ခဲ့တယ်ဆိုတာ လူတွေက မသိကြဘူး၊ ဒါတွေကို ကမ္ပည်းပြားတွေကတစ်ဆင့် သိလာခြင်းအားဖြင့် ရန်ကုန်မြို့မှာ အဆောက်အအုံတွေရဲ့ အရေးပါပုံ၊ အမွေအနှစ်ရဲ့ အရေးပါပုံကို ပိုပြီး သိလာမယ်၊ ပိုပြီးထိန်းသိမ်းလာမယ် ဟု ဦးသူရိန်အောင် က ပြောသည်။
အရှေ့တောင်အာရှမှာ ရန်ကုန်မြို့က ကိုလိုနီခေတ်လက်ရာတွေ အများဆုံး ကျန်ခဲ့တဲ့မြို့ ဖြစ်တယ်၊ သူများမှာ မကျန်ပဲနဲ့ ကိုယ့်မှာ ကျန်တယ် ဆိုတာ အားသာမှုတစ်ခုပါ၊ လမ်းလျှောက် လေ့လာလို့ ရတဲ့ နေရာဖြစ်တဲ့ အတွက် ခရီးသွားလုပ်ငန်းအတွက်လည်းအများကြီးအကျိုး ရှိပါတယ်၊ လန်ဒန်မှာ ကမ္ဘာမှာ နာမည်ကြီးကမ္ဗည်းပြား ထောင်နဲ့ချီ ရှိတယ်၊ ကျွန်တော်တို့ဆီမှာလည်း အမွေအနှစ် အဆောက်အအုံတွေ ထောင်နဲ့ချီပြီးရှိတယ် ဟု ၎င်းက ဆက်လက်ပြောသည်။
သတင်းနှင့် ဓာတ်ပုံ-ဇာနည်မောင်၊ အေးမင်းသူ

No comments:

Post a Comment