နေပြည်တော်
စက်တင်ဘာ ၁၉
ဂျီနီဗာမြို့
ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ (၄၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ
တင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်
ရှာဖွေရေးအဖွဲ့
(FFM) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉
ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာ တင်သွင်းသူ၏
အပြုသဘော မဆောင်သည့် ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် အချက်အလက် ရှာဖွေရေးအဖွဲ့၏
မျှတမှုမရှိသည့် အစီရင်ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက
တုံ့ပြန်ပြောကြားခဲ့သည်။
အထူးအစီရင်ခံစာ
တင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးပွဲ၌ အမြဲတမ်း ကိုယ်စားလှယ်က ဒီမိုကရေစီခိုင်မာရေး၊
ဝေးလံခေါင်ဖျားဒေသများရှိ လူနည်းစု တိုင်းရင်းသားများအပါအဝင် အားလုံး၏ လူ့အခွင့်အရေး
မြှင့်တင်ရေး၊ ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ
တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုနှင့်
သဟဇာတဖြစ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် အင်တာနက်အသုံးပြုနိုင်မှု၊ အဓမ္မစေခိုင်းမှုများ
အဆုံးသတ်ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် မည်သူ့အပေါ် ကျူးလွန်သည့် မည်သည့်
အကြမ်းဖက်မှုမျိုးကိုမဆို ကာကွယ်ရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို
လူ့အခွင့်အရေးကောင်စီသို့ အသိပေးပြောကြားခဲ့သည်။ အမြဲတမ်းကိုယ်စားလှယ်က လက်နက်ကိုင်
ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ
နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်သွားမည်ဖြစ်ကြောင်းကိုလည်း
ကောင်စီသို့ အသိပေးပြောကြားခဲ့သည်။
လူ့အခွင့်အရေး
ချိုးဖောက်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ခိုင်မာသောမူဝါဒမှာ ပြစ်မှု ကျူးလွန်သူများကို
ဥပဒေနှင့်အညီ အရေးယူကြောင်း၊ ကျား-မ၊ အသက်အရွယ်၊ လိင်ကွဲပြားမှု၊ အဆင့်အတန်း၊ တိုင်းရင်းသားဖြစ်မှုနှင့်
ဘာသာရေးတို့ကို အခြေခံ၍ ခွဲခြားဆက်ဆံမှု မရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ၊ အမျိုး သမီးများ၊
လူငယ်များနှင့် မသန်စွမ်းသူများ ပါဝင်နေခြင်းကြောင့် “အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” ဖြစ်သည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အရေး
ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရသည် အားလုံးပါဝင်သည့် အလုံးစုံ ချဉ်းကပ်မှု ပုံစံမျိုးဖြင့်
ဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာမှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ နယ်ခြားစောင့်ရဲစခန်း
၃၀ ကို အာဆာအကြမ်းဖက်များ တိုက်ခိုက်မှုနှင့် အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက်
ကျူးလွန်မှုများနှင့် ခြိမ်းခြောက်မှုများကြောင့်ဖြစ်ကြောင်း၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့
ကော့ခ်ဘဇားသို့ သုံးကြိမ်သွားရောက်ခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်
စတင်နိုင်ရေး သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ကြောင်း၊ စခန်းများ၌အာဆာ၏ ခြိမ်းခြောက်မှုများ၊
အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့တို့၏ ဟန့်တားမှုတို့က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို
အဟန့်အတားဖြစ်စေကြောင်း၊ နေရပ် စွန့်ခွာသူများ၏ အတိဒုက္ခကို နိုင်ငံရေး အကျိုးအမြတ်အတွက်
အသုံးချနေကြောင်း၊ သို့ဖြစ်၍ နေရပ်စွန့်ခွာသူများ ကြောက်ရွံ့မှု၊ လွှမ်းမိုး ချုပ်ကိုင်မှု
ကင်းစွာဖြင့် အမှန်တရားကို ထုတ်ဖော်ပြောကြားနိုင်ရေးအတွက် စခန်းများ၌လည်း သင့်လျော်
သည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးသည် အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။
နိုင်ငံတကာ
တရားစီရင်မှုခံယူရေးအတွက် ကြိုးပမ်းနေ
မြန်မာနိုင်ငံသည်
တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် “ ကိုင်တွယ်ဖြေရှင်းရန်ဆန္ဒ” ရှိသကဲ့သို့ “ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း” လည်းရှိကြောင်း၊ နိုင်ငံတကာတရားစီရင်မှု
ခံယူရေးအတွက် ကြိုးပမ်းနေခြင်းနှင့် မည်သည့်ယန္တရားမျိုးကိုမဆို ကန့်ကွက်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
မစ္စယန်ဟီးလီ၏
သမာသမတ်မကျမှု၊ ဓမ္မဓိဋ္ဌာန်မကျမှုနှင့် ကောင်းမွန်သော စိတ်ရင်းစေတနာ မရှိမှုတို့ကြောင့်
သူမအား လွှတ်တော်၌ တညီတညွတ်တည်း ရှုတ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်
သင့်လျော်သည့် ကုလသမဂ္ဂ ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။
လူ့အခွင့်အရေးခေါင်းစဉ်တပ်၍ အပြုသဘောမဆောင်သည့် ချဉ်းကပ်မှုများ၊ ခွဲခြားပြုမှုများ၊
ဒဏ်ခတ်အရေးယူမှုများနှင့် လွန်ကဲသည့် ဖိအားပေးမှုများသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သည့်
ပြောင်းလဲမှုများကို လှုံ့ဆော်ပေးနိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး
လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် ကြိုးပမ်းမှုများတွင် မြန်မာဒီမိုကရေစီ အစိုးရအား
အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးမှုများပေးရန်နိုင်ငံတကာ အသိုက်အဝန်းကို
မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က
FFM ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ တုံ့ပြန် ပြောကြားရာတွင် မြန်မာအစိုးရ၊ ကုန်သည်ကြီးများအသင်း၊
အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ UEHRD နှင့် ပုဂ္ဂလိကကုမ္ပဏီများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးက
FFM ၏အစီရင်ခံစာနှင့် ၎င်း၏အခြေအမြစ်မရှိသည့် စွပ်စွဲချက် များအား ကန့်ကွက်ကြောင်းနှင့်
ယင်းအစီရင်ခံစာအား ဒါရူစမန် အစီရင်ခံစာဟု အလွယ်တကူ ခေါ်ဝေါ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်
FFM စတင်ဖွဲ့စည်းစဉ်ကတည်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ၎င်း၏ ဓမ္မဓိဋ္ဌာန်မကျသည့်
အစီရင်ခံစာ၊ မမှန်ကန်သည့် ကောက်ချက်ချမှုများနှင့် အကြံပြုချက်များကိုလည်း ပြင်းထန်စွာ
ကန့်ကွက်ကြောင်း၊ FFM ၏ ဆင့်ပွားဖြစ်သည့် IIM ဖွဲ့စည်းဆောင်ရွက်မှုကို ပြင်းထန်စွာ
ကန့်ကွက် ကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံအပေါ် သီးသန့်ခွဲခြားဆက်ဆံ စောင့်ကြည့်စစ်ဆေးခြင်း
ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဓမ္မဓိဋ္ဌာန်မကျသည့်
ရပ်တည်ချက်
ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးအတွက် ကာလကြာရှည် ရုန်းကန်ခဲ့ရချိန်များတွင် ကုလသမဂ္ဂဘက်မှ တစိုက်မတ်မတ်
ရပ်တည်ခဲ့သည့် မြန်မာပြည်သူများသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်မကျသည့်
ရပ်တည်ချက်ကြောင့် စိတ်ပျက်လျက်ရှိကြောင်း၊ FFM ၏ လုပ်ငန်းများသည် လူ့အခွင့်အရေးကောင်စီနှင့်
ကုလသမဂ္ဂစနစ်တစ်ခုလုံးကို မကောင်းသည့်ပုံရိပ် ထင်ဟပ်မှုမဖြစ်စေ သင့်ကြောင်း အလေးအနက်
ပြောကြားခဲ့သည်။
ထို့ပြင်
FFM က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အထီးကျန်စေရန် (economic isolation) တိုက်တွန်းနေမှုများသည်
အပြစ်မဲ့ ပြည်သူသန်းပေါင်း များစွာအား စီးပွားရေး ကျပ်တည်းမှုဖြစ်ပေါ်စေရာ ၎င်းတို့၏
ဖွံ့ဖြိုးတိုးတက်ခွင့် (right to development) အပါအဝင် လူ့အခွင့်အရေးကို ထိခိုက်စေကြောင်း
ပြောကြားခဲ့သည်။
FFM
အစီရင်ခံစာတွင် လူသားချင်းစာနာမှုအဖွဲ့ ဖြစ်သည့် UEHRD ၏ ပုံရိပ်ကို လိုရာဆွဲ၍ မမှန်မကန်
ပြောကြားမှုများကိုလည်း ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးနှင့် တရားမဝင်
နယ်စပ် ဖြတ်ကျော်မှုများကို ကာကွယ်ရန် နယ်နိမိတ် မျဉ်းတစ်လျှောက် ခြံစည်းရိုးတည်ဆောက်ရန်
အချုပ်အခြာ အာဏာ လုပ်ပိုင် ခွင့်ရှိသဖြင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်မှုနှင့် စပ်လျဉ်း၍
စွပ်စွဲပြောဆိုမှုများကို တုံ့ပြန်ပြောကြားခဲ့သည်။
ရည်ရွယ်ချက်ရှိရှိ
လျစ်လျူရှုထား
အမြဲတမ်းကိုယ်စားလှယ်က
FFM သည် ၎င်းတို့ အသားပေးလိုသည့်အရာကိုသာ အာရုံစိုက်ပြီး အာဆာ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့တိုင်းရင်းသားလူနည်းစု
ရာပေါင်းများစွာအပေါ် ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုတို့ကို
ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း ထောက်ပြခဲ့သည်။
၎င်းက
မြန်မာနိုင်ငံတွင် လိင်အကြမ်းဖက်မှု တားဆီးရေးနှင့် ကျူးလွန်သူများအား အရေးယူ ကိုင်တွယ်
ဖြေရှင်းနေမှုများကို ကောင်စီထံသို့ ပြောကြားခဲ့သည်။
ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်းကို
မူဝါဒမရှိကြောင်းနှင့် အစဉ်အလာလည်းမရှိကြောင်း၊ ထို့ပြင် နယ်မြေ ရှင်းလင်း သုတ်သင်ခြင်းဆိုသည်မှာလည်း
သောင်းကျန်းသူများကို တန်ပြန်တိုက်စစ်ဆင်ခြင်းကို ဆိုလိုပြီး နယ်မြေတစ်ခုလုံးကို ရှင်းလင်းခြင်း
မဟုတ်ကြောင်း၊ “Clearance Operation” ဆိုသည့် အသုံးအနှုန်းကို FFM မှ မှားယွင်းစွာ
နားလည် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းကို ထောက်ပြခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ လူမှု-စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊
ဒီမိုကရေစီလုပ်ငန်းစဉ် ပိုမိုခိုင်မာမှု၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတို့ကို အထောက်အကူ
ပြုစေမည့် အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန်
တောင်းဆိုပါကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment