Home

Friday, September 20, 2019

မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ ကျင်းပမည်


နေပြည်တော် စက်တင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာစာပေ၏ မြန်မာမှု၊ မြန်မာ့ဓလေ့များနှင့် မြန်မာ့အတွေးအမြင်များကို မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်၊ ပြည်ထောင်စုစံ၊ ယဉ်ကျေးမှုစံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မြန်မာ့လူမှုဓလေ့၊ အတွေးအခေါ်၊ ယဉ်ကျေးမှု အမွေအနှစ် များမှတစ်ဆင့် မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ် ထက်သန်စေရန်၊ စာပေယဉ်ကျေးမှု အမွေအနှစ်များမှတစ်ဆင့် ပြည်ထောင်စုတိုင်းရင်းသားများ သွေးစည်းညီညွတ်မှုကို အထောက်အကူ ပြုနိုင်ရန်ရည်ရွယ်၍ မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲကို ကျင်းပမည် ဖြစ်သည်။


မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း (၉) စောင်ဖတ်ကြားမည် ဖြစ်ပြီး စာတမ်းများမှာ (၁) မြန်မာဘာသာစကားတွင် ထင်ဟပ်နေသော မြန်မာ့အတွေးအမြင် (မောင်ခင်မင်-ဓနုဖြူ )၊ (၂) မြန်မာ မင်းများလက်ထက် သံတမန် အတတ်ပညာ (ဒေါက်တာကျော်ဝင်း-သမိုင်းပါမောက္ခ (ငြိမ်း))၊ (၃) ဗဒုံမင်းနှင့်အမိန့်တော်များ (အမိန့်တော်များထဲမှ ခေတ်သမိုင်းကို ဖော်ထုတ်ကြည့်ခြင်း) (ဒေါက်တာတိုးလှ)၊ (၄) မြန်မာ့ဓလေ့ဆုံးမစာများမှ မြန်မာ့ယဉ်ကျေးမှုအမြင် (ဉီးအေးချို-မဟာဝိဇ္ဇာ)၊ (၅) မြန်မာမှုပဒေသာ တို့ဖြင့် လွှမ်းခြုံနေသည့် လျှောက်ထုံးကျမ်း(သို့မဟုတ်) အမေးအဖြေ ကျမ်းများ(ထွန်းရီ-ရှေးဟောင်းသုတေသီ)၊ (၆) တွင်းရိုးတွင်းစား ရိုးရာဓလေ့သမိုင်း (ဉီးကျော်စိုး - သမိုင်းပါမောက္ခ (ငြိမ်း)) (၇) ကဗျာထဲက ဝတ်စားဆင်ယင်မှု (ဒေါက်တာညိမ်းညိမ်း-ပါမောက္ခ၊ မြန်မာစာဌာန)၊ (၈) မြန်မာ့လူ့ဘောင် အဖွဲ့အစည်းနှင့် သီလရှင် (ဒေါက်တာမိုမိုသန့်- ရန်ကုန်တက္ကသိုလ်)၊ (၉) မြန်မာ့လယ်ယာလုပ်ငန်းသုံး ထွန်တုံး (ဒေါက်တာစိုးစိုးနိုင်-ရန်ကုန်တက္ကသိုလ်) တို့ဖြစ်သည်။

မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲကို စက်တင်ဘာ ၂၈ ရက် (စနေနေ့) နှင့် ၂၉ ရက် (တနင်္ဂနွေနေ့) များတွင် အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဉီးစီးဌာနခန်းမတွင် နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄ )နာရီအထိ ကျင်းပမည်ဖြစ်ရာ စာပေဝါသနာရှင်များ၊ စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)


No comments:

Post a Comment