နေပြည်တော်
စက်တင်ဘာ ၁၈
ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက် မြောက်နေ့ကို ယနေ့နံနက်
၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ မင်းဘူး-စလင်း လမ်းမကြီး နှင့် အမှတ်(၄)အထည်စက်ရုံ၊
စိုက်ပျိုးရေးဝါတပ်သို့ ဖောက်လုပ်ထားသော ကတ္တရာလမ်းအား ပြင်ဆင်မည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်
တွင် ပြင်ဆင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ်မြင့်နွယ် က မကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ်ရှိ မင်းဘူး-စလင်း လမ်းမကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊
လမ်းဦးစီးဌာနမှ ယခင်ဆောက်လုပ်ခဲ့သည့် အလျား ၃၈ မိုင်ရှိ ကတ္တရာ လမ်းအမျိုး အစားဖြစ်ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစ၍
မကွေးမြို့ရှိ ကောင်းမွန် ကုမ္ပဏီသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော လမ်းပိုင်းဖြစ်ပါကြောင်း။
မင်းဘူး-စလင်းလမ်းမကြီးမှ
စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၄) အထည်စက် ရုံနှင့်တပ်မတော်ဝါ စိုက်ပျိုးရေး တပ်သို့
ဖောက်လုပ်ထားသည့်တပ်အဝင်လမ်း အလျား ၃၁၆၈၀ ပေ၊ အကျယ် ၁၈ ပေ အား ကတ္တရာလမ်းအဖြစ် ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေး နှစ်တွင် တပ်မတော်မှ တာဝန်ယူဖောက်လုပ်ခဲ့ပါကြောင်း၊ အဆိုပါလမ်းသည်ပျက်စီး
လျက်ရှိပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်းအလျား ပေ ၁၅၀၀ ၊ အကျယ် ၁၈ ပေ၊ အပေါက်ဖာထေးပြုပြင်ခြင်း
အလျား ပေ၂၄၅၀ ၊ အကျယ် ၁၈ ပေ၊ စုစုပေါင်း အလျားပေ
၃၉၅၀ ၊ အကျယ် ၁၈ ပေအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းဖြေကြားသည်။
ရွာငံမဲဆန္ဒနယ်မှ
ဦးအောင်စိုးမင်း၏ ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာနှင့် သိမ်ကုန်းကျေးရွာချင်းဆက်လမ်းအား
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရွာငံမြို့နယ် လင်းဝေးကျေးရွာနှင့် သိမ်ကုန်း ကျေးရွာ
ဆက်သွယ်သည့် လမ်းအားကျောက်ချောလမ်းအဆင့်မြှင့်တင်နိုင်ရေးနှင့် ပတ်သက်၍ ဦးစွာ သတ်မှတ်
လမ်းကျယ်ရရှိရေး မြေယာကိစ္စရပ်များ၊ ကျောက်ဆောင်မိုင်းခွဲ လမ်းချဲ့ထွင်ခြင်းအတွက် ဆောင်ရွက်ရမည့်
လုပ်ငန်းပမာဏ၊ ခန့်မှန်းတွက်ချက်မှု စသည်တို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကို
ကွင်းဆင်း လေ့လာစိစစ်စေမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး
ရှမ်းပြည်နယ် အစိုးရအနေဖြင့် သတ်မှတ်စီမံကိန်းအဆိုပြုလွှာပုံစံများဖြင့် ပြည့်ပြည့်စုံစုံစိစစ်
ထောက်ခံတင်ပြလာပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အဆိုပြုလျာထား
ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဖားဆောင်းမဲဆန္ဒနယ်မှ
ဒေါ်နန်းထွေးသူ၏ ဖားဆောင်းမြို့နယ်၊ ကယားလူမျိုးစုအများဆုံးနေထိုင်သော ဝမ်အောင်း (ကယား)၊
ချီးတွဲ့၊ ဆောင်းလောကျေးရွာများသို့ သွားသော ပေ ၄၀၀ အရှည်ရှိ ပွန်ချောင်း တံတား တစ်စင်း
တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်က ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉ခုနှစ် ဧပြီ
၁၂ ရက်တွင် ပြုလုပ်သည့် ကယားပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရေး
လျာထားစီမံသွားမည်ဖြစ်ပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက် အရ ရှင်းလင်းဖြေကြားသည်။
လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၏ လဲချားမြို့နယ်၊
အမှတ်(၄)ရပ်ကွက်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ရန် သိမ်းဆည်းခဲ့သော မြေ ၂
ဒသမ ၅ ဧကအား မြို့ နယ်လူမှုဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် အသုံးပြုနိုင်ရေးအတွက် ပြန်လည်စွန့်လွှတ်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာထွန်းနိုင်က အဆိုပါ မြေဧရိယာ ၂ ဒသမ ၅
ဧကအား ဌာနကနှစ် (၃၀) ဂရန် လျှောက်ထားပြီးဖြစ်ပါကြောင်း၊ ၆၆/၁၁ ကေဗွီ နမ့်စန်-လွိုင်လင်-လဲချား-မိုင်းကိုင်
ဓာတ်အား လိုင်းမှာ ၆၈ ဒသမ ၈ မိုင် ကွာဝေးသော လွိုင်လင်-လဲချား-မိုင်းကိုင်-မိုင်းနောင်-မိုင်းရှူး-ကျေးသီးမြို့များကို
စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ပေးလျက် ရှိပြီး
အဆိုပါ ဓာတ်အားလိုင်းမှာ ထိုဒေသနေပြည်သူများအတွက် အရေးကြီးသော ဓာတ်အားလိုင်းဖြစ်ပါကြောင်း၊
နောင်တွင်လည်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲ သူများ များပြားလာမည်ဖြစ်ပါကြောင်း။
အဆိုပါ ၆၆ ကေဗွီဓာတ်အားလိုင်း ထိန်းသိမ်းပြု ပြင်နိုင်ရန်အတွက်
မဟာဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းရေး စခန်းခွဲရုံး တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊
လက်ရှိအခြေအနေတွင် ဌာနအနေဖြင့်ရရှိသည့် ဘတ်ဂျက် အပေါ်တွင် မူတည်ပြီး ဦးစားပေးနေရာများတွင်
တည် ဆောက်နေရသည့်အတွက် လိုအပ်သည့် မဟာဓာတ် အားလိုင်းထိန်းသိမ်းရေးစခန်းခွဲရုံးကို တည်ဆောက်နိုင်ခြင်း
မရှိသေးသော်လည်း ထိုဒေသနေပြည် သူများအတွက် လိုအပ် သည့်လျှပ်စစ်ဓာတ်အား လိုင်းပြုပြင်ထိန်းသိမ်းရန်
စခန်းခွဲရုံးများ တည်ဆောက်ရန် လိုအပ်ပါသောကြောင့် အဆိုပါမြေနေရာအား ဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ပေး
နိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍
မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ “၀” (လွယ်လ)၊ လားဟူ၊
ရှမ်းတိုင်းရင်းသားများ၏ ပညာရေးဖွံ့ဖြိုး တိုးတက်လာစေရန် နိုင်ငံတော်မှ လူငယ်သင်တန်းကျောင်း
တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
က လည်းကောင်း၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ တမူးမြို့နယ်အတွက် လိုအပ်နေသော အိမ်တွင်းမှု
သင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ဖရူဆိုမဲဆန္ဒနယ်မှ ဦးပဲ့ဒူ၏ ပြည်ထောင်စုတိုင်းရင်း
သားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် သင်တန်းသား၊ သင်တန်းသူများကို ယခုလက်ရှိ အရေအတွက်ထက်ပိုပြီး
ခေါ်ယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်
သန်းထွဋ်က လည်းကောင်း၊ မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်၏ မုံရွာမြို့နယ်ရှိ ကျောက္ကာရွာ
ရေနံချက်ဖိုများနှင့် ဖန်ခါးကျင်းနယ်မြေ ရေနံချက်ဖိုများအပါအဝင် စစ်ကိုင်း တိုင်းဒေသကြီး
တစ်ခုလုံးရှိ ရေနံချက်ဖိုများကို ပိုမိုအဆင့်မြင့်သော ရေနံချက် စက်ရုံများအဖြစ် မြေဧရိယာ(၂)
ဧကဖြင့် တည်ဆောက်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏
လွိုင်လင်မြို့နယ်အတွင်းရှိ တောင်နောက် ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာအုပ်စု၊ ကုန်းယောကျေး
ရွာအုပ်စု၊ နမ့်ထမိုကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာအုပ်စုများတွင်
၂၄ နာရီ လျှပ်စစ် မီးလင်း နိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း
မေးခွန်းနှင့် ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက်မြို့အတွင်း ဓာတ်အားဖြန့်ဖြူးရေး
အဆင်ပြေလုံလောက်စေရန်အတွက် ၆၆/KV ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊
မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်
အတည်ပြု၍ ပေးပို့လာသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို လက်ခံရ ရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး
ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အစီရင်ခံ စာဖတ်ကြား တင်သွင်းသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့်
လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီမှ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ကော်မတီ၏
မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံ ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်
သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာ ကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်
လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ
ကော်မတီဝင် ဦးဝင်းထူးက ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက
အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာသည်။
ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို စက်တင်ဘာ
၁၉ တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်၊
ကျော်ဇင်ထိုက်

No comments:
Post a Comment