Home

Thursday, September 19, 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကျင်းပ


နေပြည်တော် စက်တင်ဘာ ၁၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က သက်ဆိုင်ရာအပိုဒ်အလိုက် ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့၏ သဘောထား မေးမြန်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းရာတွင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၁၀၀ (ခ) နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၉ ခုနှစ် ဩဂုတ် ၇ ရက်တွင် တင်သွင်းခဲ့ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီက ၂၀၁၉ ခုနှစ် ဩဂုတ် ၂၈ ရက်တွင်တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၄ ရက်နှင့် ၆ ရက်တို့တွင် မူနှင့် အခြေခံ သဘောအပါအဝင် အခွန်နှုန်းထားများနှင့် ပတ်သက်၍ ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့ကြပါကြောင်း၊ အဆိုပါ ပြင်ဆင်ချက် အဆို တင်သွင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းသည့် အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူပေါင်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များပါဝင်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၁ ရက်နှင့် ၁၃ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း။
ဝင်ငွေခွန်နှုန်းထားများနှင့် စပ်လျဉ်း၍လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ထပ်မံဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးခြင်းများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်လည်ရှင်းလင်း တင်ပြခဲ့ပြီးလည်း ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ တွင်လည်း ဥပဒေကြမ်းပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းခြင်း၊ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် အတည်ပြု ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အပိုဒ်ခွဲ (က) နှင့်အညီ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့် အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ကို စက်တင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်

No comments:

Post a Comment