နေပြည်တော် စက်တင်ဘာ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့
ပူးပေါင်း၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် အစီရင်ခံစာ အသိပေး
အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌
ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးအောင်ကျော်ဇံ၊ UEHRD ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကုလသမဂ္ဂနှင့်
နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က ရခိုင်ပြည်နယ်
ပူးတွဲဆန်းစစ်ချက် ( Rakhine Joint Assessment – RJA) သည် ရခိုင်ပြည်နယ်
အတွင်း လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များမှ တစ်ဆင့်ဖွံ့ဖြိုးရေး
အထောက်အပံ့ များဆီသို့ ကူးပြောင်းနိုင်ရေးမူဝါဒ ဆုံးဖြတ်ချက်များ အတွက်
သတင်းအချက်အလက် များရရှိရန်နှင့် ရခိုင်ပြည်နယ်အတွင်းလူမှု ပေါင်းစည်း
ညီညွှတ်မှု နှင့် သဟဇာတ ဖြစ်မှုတို့ကို မြှင့်တင်ရန်အတွက်
သတင်းအချက်အလက်များ ရရှိရန်ရည်ရွယ်ပါကြောင်း၊ န်ိုင်ငံတော် အစိုးရ စတင်
တာဝန်ယူချိန်မှစ၍ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး လူသားချင်း
စာနာထောက်ပံ့မှု အကူအညီများ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊နိုင်ငံရေး
စိန်ခေါ်မှု များနှင့် အခက်အခဲများကို မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်
ရှိကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း
ရေးနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို
ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ (၄)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် သံန္နိဋ္ဌာန်ချမှတ်၍
လူမှုသဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်
ရွက်ခြင်းဖြစ်ကြောင်း၊ လူမှုသဟဇာတ ဖြစ်ရေးသည် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး
တိုးတက်ရေးအတွက်အရေးကြီးသကဲ့သို့ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်း
ဖြစ်သဖြင့် အစိုးရသစ် အနေဖြင့်အစဉ်တစိုက် ရည်ရွယ် ဆောင်ရွက်ခဲ့ကြောင်း၊
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက် ရန် လိုအပ်သောအခြေခံ
အကြောင်းအရင်းများကို ဖော်ထုတ်နိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး
ကော်မရှင်ကိုဖွဲ့စည်း၍ အကြံညာဏ်များရယူခဲ့ကြောင်း။
ယခုဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်ပူးတွဲဆန်းစစ်ချက်ကို ၂၀၁၇
ခုနှစ်ဇွန်လမှစတင် ကာ သုတေသန ကျင့်ဝတ်များ၊ စည်းမျဉ်းများနှင့်အညီ
ဆောင်ရွက်ရေး၊ ထိလွယ် ရှလွယ်သော အခြေအနေ အားထိပါးမှုမရှိစေရေးတို့အတွက်
နည်းပညာ လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းကာ ပူးပေါင်းဆန်းစစ်မှု
အစီအစဉ်ကိုဝန်ကြီးဌာန၏ Protocol and Ethical Board သို့တင်ပြပြီး
လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊
ဌာနဆိုင်ရာ များနှင့်ညှိနှိုင်း ဆွေးနွေးခြင်းနှင့် အကြံပြုချက် များ
ရယူခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုပူးတွဲဆန်းစစ်ချက်ကို ဆောင်ရွက်
ရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုး တက်ရေး
အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၇)
ပါဆုံးဖြတ်ချက် အရ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ် လေ့လာချက်ဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလတွင် နေပြည်တော်၌ ဆောင်ရွက်ပြီး
သုတေသန လုပ်ငန်းဆောင်ရွက်ရန် အစပြု ခဲ့ခြင်းဖြစ်ကြောင်း။
သို့သော်လည်း ၂၀၁၇ခုနှစ်၊ဩဂုတ်လတွင်ဖြစ်ပွားခဲ့သော
ပဋိပက္ခကြောင့်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၈ခုနှစ် ဇူလိုင်လနှင့်
ဩဂုတ်လများအတွင်း ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့
နယ်နှင့်မင်းပြားမြို့နယ်တို့တွင် ကွင်းဆင်းအချက်အလက် ကောက်ယူ ခြင်း၊
အစီရင်ခံစာ ပြုစုခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အဓိကအားဖြင့်
ဆန်းစစ်မှု ရလဒ်များ အနေဖြင့် လူမှုသာယာဝပြောမှုသည် လူမျိုးအခြေအနေပေါ်
မူတည်ခြင်း မရှိဘဲ ဖွံ့ဖြိုးမှု နိမ့်ကျခြင်း ကြောင့်သာ
ဖြစ်မှု၊စားနပ်ရိက္ခာ၊ အာဟာရအခြေအနေ၊ပညာရေး၊ ကျန်းမာရေး အခြေအနေများ
သည်ကြီးမားစွာ ကွဲပြားမှုမရှိဘဲ အသိုက်အဝန်း အားလုံးက ရရှိနေမှု၊
သန့်ရှင်းသော ရေရရှိမှုတွင် ကျေးရွာအများစုတွင် ဖြေရှင်းရခက်သော
အခြေအနေတစ်ရပ်ဖြစ်မှု၊ ပညာရေး နိမ့်ပါးမှုနှင့်အလုပ်အကိုင် အခွင့်အလမ်း
နည်းပါးမှုကြောင့် ကျပန်း လုပ်ကိုင်နေရသူများ များပြားနေ မှုတို့ကို လေ့လာ
တွေ့ရှိခဲ့ပါကြောင်း၊ ရရှိလာသည့် ဆန်းစစ်မှုများကို
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လိုအပ်ချက်များ အစီအစဉ်များအတွက် အကြံပြုရာတွင်
ထည့်သွင်းအသုံးပြုမည် ဖြစ်ပါကြောင်း၊ ယနေ့အခမ်း အနားသည် အဆိုပါ
ပူးတွဲဆန်းစစ်ချက် ဆောင်ရွက်မှု၊ တွေ့ရှိမှုများကို ပြည်ထောင်စု အဆင့်ဌာန
ဆိုင်ရာများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များ၊ နိုင်ငံတကာ
အဖွဲ့အစည်းများထံသို့ အသိပေးဖြန့်ဝေ ရန်ဖြစ်ကြောင်းနှင့် မကြာမီ
ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ
တဆင့်ဒေသရှိ လူထုကို အသိပေး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ(ယာယီ) ဌာနေညှိနှိုင်းရေးမှူးက ရခိုင်ပြည်နယ် ပူးတွဲ
ဆန်းစစ်ချက်၏ တွေ့ရှိချက်များ အသိပေးတင်ပြခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြု
အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက်ကို
မိတ်ဆက်ခြင်းနှင့် ဆောင်ရွက်မှု နည်းလမ်း များနှင့် အဓိက
တွေ့ရှိချက်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် UNDP
တို့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ယင်းနောက်
တက်ရောက်လာကြသူများက ပူးတွဲဆန်းစစ်ချက် ဆောင်ရွက်ထားရှိမှုနှင့် လေ့လာ
တွေ့ရှိချက်များအပေါ် အကြံပြုမေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက
ပြန်လည် ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်စကားပြောကြားရာတွင် ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက်၏
တွေ့ရှိချက်များသည် အစိုးရ၏မူဝါဒများကို အကောင်အထည် ဖော် နေသည့် မိမိတို့
ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု ရလဒ်
ဖြစ်ကြောင်း၊ ရလဒ်များအပေါ်အခြေခံ၍ မိမိတို့ အနေဖြင့် ရခိုင်ပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်တွေ့
အကောင်အထည်ဖော် နိုင်ရန် လုံခြုံရေး
သည်အရေးကြီးကြောင်း၊ပဋိပက္ခများလျော့နည်းသွားလျှင် ပိုမိုလုံခြုံမှု
ရရှိလာမည်ဖြစ်ကြောင်း၊ ပဋိပက္ခများ လျော့နည်းပပျောက်စေရန် မိမိတို့အနေဖြင့်
အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။
ရေရှည်ဆောင်ရွက်ရန်ဖြစ်သော လူမှုသဟဇာတဖြစ်ရေးကို ကြိုးပမ်း နေချိန်တွင်
ဖွံ့ဖြိုးတိုးတက်မှုများကို UEHRD အစီအစဉ်ဖြင့်လုပ်ငန်းအဖွဲ့များ
ဖွဲ့စည်းကာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ရေး
လုပ်ငန်းစဉ် များနှင့် ချိတ်ဆက်လျက် အတတ်နိုင်ဆုံးကြိုးပမ်းလျက်ရှိရာ
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အပြုသဘောဖြင့်
ပိုမိုပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ အာဆီယံနိုင်ငံများ၏ ပူးပေါင်း
ဆောင်ရွက် မှုဖြင့် လည်း လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကို
ဆောင်ရွက်သွားရန် စီစဉ် လျက်ရှိရာ နေရပ်စွန့် ခွာသူများ ပြန်လည် ဝင်ရောက်
လာပါကလည်း တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်သော အခြေ အနေများ ကိုရရှိ
ခံစားရမည်ဖြစ်ကြောင်း၊ အစိုးရကဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ တွင်
ဖြောင့် မတ်မှန်ကန်သော စိတ်ရင်းဖြင့် ဥပဒေဘောင် အတွင်းမှ ကြိုးစားဆောင်ရွက်
မှုများကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝိုင်းက
နားလည်သဘောပေါက်ကြရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ် လူထုအတွက်
အကျိုးပြုမည့် ပူးပေါင်းမှုများကို ဆက်လက် ဆောင်ရွက် သွားမည် ဟု
ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment