ရန်ကုန် ဇွန် ၈
၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၅၁၅၁၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ဦးရေ ၂၆၇၆၉၆ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိသည်ဟု ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ စာစစ်ဌာန ၂၂၇ ခုတွင် ကျောင်းသား ကျောင်းသူ ၁၂၁၇၆၂ ဦး ဖြေဆိုခဲ့ရာ ၃၉၇၃၂ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၆၃ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အောင်မြင် သူ ခြောက်ဘာသာဂုဏ်ထူးရှင် ၁၇၅ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၃၈၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄၈၀ ၊ သုံး ဘာသာဂုဏ်ထူးရှင် ၇၃၀ ၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၄၇၂ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၄၈၃၂ ဦး ရှိခဲ့ကြောင်း အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပ ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန် တိုင်းဒေသကြီး စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အောင်မြင်သူ ကျောင်းသား ကျောင်းသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် မိဘများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့ သည်များကို ဖော်ပြလိုက်ပါသည်။
ဒေါ်မြင့်မြင့်သိန်း
ကျောင်းအုပ်ဆရာမကြီး
အထက(၄) ပုဇွန်တောင်
ဒီနှစ် ဆရာမကြီးတို့ ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်းက ၁၂ ရာခိုင်နှုန်း တိုးတက်လာတာ တွေ့ရပါတယ်။ ကျောင်းက ဆရာ ဆရာမတွေက ကျောင်း သား ကျောင်းသူတွေကို မေးခွန်းဟောင်း တွေကို အထပ်ထပ်အခါခါ လေ့ကျင့်ခိုင်း တယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်တဲ့ ရာခိုင်နှုန်းကိုလည်း အများကြီး ထိန်းထားတယ်။ ဒါကြောင့် အောင်ချက် တိုးတက်လာတယ်လို့ မြင် ပါတယ်။ နောင်လာမယ့် ကျောင်းသား ကျောင်းသူတွေကိုလည်း ပြောချင်တာက ပညာရေးစနစ်က စနစ်သစ် ပြောင်းလဲ သွားပြီဖြစ်လို့ အခုလို စာမေးပွဲနဲ့ အမှတ် စာရင်းတွေ မဟုတ်တော့ဘဲ တစ်နှစ်တာ လုံး ကလေးများရဲ့ စွမ်းဆောင်ရည်တွေ၊ တီထွင်တွေးတောနိုင်စွမ်းတွေကို ပိုမို အလေးပေးပြီး သင်ရမယ့်စနစ်တွေ ဖြစ်တာကြောင့် တိုးတက်ကောင်းမွန်လာ လိမ့်မယ်လို့ ဆရာမကြီး ထင်ပါတယ်။ စာမေးပွဲမအောင်ခဲ့တဲ့ ကလေးတွေကို လည်း အခုလာမယ့် စနစ်ထဲမှာ အောင်မြင်သွားအောင်လို့ ကြိုးစားကြပါ။အားမလျှော့ကြပါနဲ့လို့ ပြောချင်ပါတယ်။
မမိုးဖြူစင်ဇော်
ခြောက်ဘာသာ ဂုဏ်ထူးရှင်
အထက(၄) ပုဇွန်တောင်
စာသင်နှစ် တစ်လျှောက်လုံး ကျောင်းကိုပုံမှန်တက်ဖြစ်အောင် သမီး ကြိုးစားခဲ့တယ်။ တစ်နေ့စာ တစ်နေ့ အတတ်နိုင်ဆုံးကျေအောင် လုပ်တယ်။ သမီးက သူလို ကိုယ်လို ဉာဏ်ရည်ပါပဲ။ ဒီတော့ သူများထက်ပိုပြီး ဝီရိယ စိုက်ထုတ်ရပါတယ်။ သူများထက်ပိုပြီး ကြိုးစားရတယ်။ ပိုပြီး ကျက်မှတ် ခဲ့ရပါတယ်။ ပိုပြီးလုံ့လ စိုက်ထုတ်ခဲ့ရ တယ်။ တက္ကသိုလ်တက်မယ်ဆိုရင်တော့ ဆေးတက္ကသိုလ် တက်ချင်ပါတယ်။ ဆေးကျောင်းမှာလည်း ထူးချွန် အောင် ကြိုးစားသွားမှာပါ။ နောင်နှစ် တွေမှာ ဖြေဆိုကြမယ့် မောင်လေး ညီမလေး တွေကို မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူးလို့ ပြောချင်ပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ မဖြစ်နိုင်ဘူး ဆိုပြီး စိတ်ထဲမှာ မထားလိုက်ပါနဲ့။ဆယ်တန်းဆိုတာ အလွန်ခက်ခဲတယ် ဆိုတဲ့ စာမေးပွဲကြီးတစ်ခု ဟုတ်ပါဘူး။ ကိုယ့်ကြိုးစားမှုနဲ့သာ သက်ဆိုင်ပါတယ် ဆိုတာပြောချင်ပါတယ်။
မောင်လျှမ်းထက်အောင်
နှစ်ဘာသာ ဂုဏ်ထူးရှင်
အထက(၄) ပုဇွန်တောင်
ဆယ်တန်းစာမေးပွဲမှာ ဓာတုဗေဒနဲ့ ရူပဗေဒ ဂုဏ်ထူးနှစ်ဘာသာ ပါပါတယ်။ တက္ကသိုလ် တက်ခွင့်ရရင်တော့ သန်လျင် နည်းပညာတက္ကသိုလ်ကို တက်မယ်လို့ မျှော်မှန်းထားတယ်။ နောင်လာမယ့် ညီ၊ ညီမလေးတွေ စာကြိုးစားကြပါ။ ကောင်း တာလုပ်ရင် ကောင်းတာတွေ ရရှိမှာပါ။ စေတနာကောင်းရင် ကံကောင်းမှာပါလို့ ပြောချင်ပါတယ်။
ဦးဝင်းနိုင်
ကျောင်းသားမိဘ
အင်းစိန်မြို့နယ်
ကန္နားအနောက်ရပ်ကွက်
ကျွန်တော့်ရဲ့သားလေး မောင်ထွန်း အောင်ဝေက ငါးဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ်။ အင်းစိန် အထက ၂ ကနေ ဖြေတာပါ။ အောင်မယ်ဆိုတာတော့ သိတယ်။ အဲဒီလောက်အထိ မထင်ထား မိဘူး။ ကျောင်းကို ပုံမှန်တက်ခိုင်းတယ်။ အိမ်မှာလည်း အချိန်နဲ့ စာကျက်ခိုင်းတယ်။ သူ နားမလည်တဲ့ စာတွေအတွက်တော့ အနီးနားမှာရှိတဲ့ ကျူရှင်ကို တက်ခိုင်း တယ်။ သူ့ရဲ့ကြိုးစားမှုတွေကြောင့် အခုလို အောင်ခဲ့တာပါ။ သူ့ရဲ့ စိတ်ဆန္ဒအတိုင်း သူ့ဘ၀ကို ရွေးချယ်ခွင့်ပေးသွားမယ်။ အဖေတစ်ယောက် အနေနဲ့ကတော့ အင်ဂျင်နီယာဖြစ်စေချင်တယ်။
ဇော်ကြီး၊ ရီရီ၊ စန္ဒီ
ဓာတ်ပုံ - ဇော်မင်းလတ်
No comments:
Post a Comment