Home

Saturday, June 8, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် ဇွန် ၈
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တွင် အလုပ်သဘော ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၄၅မိနစ်တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန State Secretary Dr. Csaba BALOGH ၊  ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီး Mr. Szilveszter Bus နှင့် ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဘူဒါပတ်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ယနေ့ဒေသစံတော်ချိန်နံနက် ၆ နာရီခွဲတွင် ထိုင်းနိုင်ငံသို့ ရောက်ကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် သံရုံးမှ တာဝန်ရှိသူများက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဘန်ကောက်မြို့မှ တစ်ဆင့် မြန်မာအမျိုးသား လေကြောင်း အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ နံနက် ၉နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Jaroslav Dolecke တို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment