Home

Monday, June 10, 2019

ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ရဟန်းတော်သင်တန်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံပညာပေး သင်တန်းဆင်းပွဲ ကျင်းပ



ရန်ကုန် ဇွန် ၁၀
ထေရ၀ါဒ ဗုဒ္ဓသာသနာပြု ရဟန်းတော် သင်တန်းအမှတ်စဉ် (၂၈) နှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံ ပညာပေးသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသည်။
ထို့နောက် ထေရ၀ါဒ ဗုဒ္ဓသာသနာပြု သြ၀ါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက သင်တန်းဆင်း သြ၀ါဒကထာ မြွက်ကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော် သံဃာတော်အား လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု သြ၀ါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်က သင်တန်းသား ဆရာတော် (၃၇) ပါးအား သာသနာပြု သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးသင်တန်းဆင်း လက်မှတ်များကို ဆက်ကပ်ကာ ဒုတိယ၀န်ကြီးက သင်တန်းနည်းပြဆရာများအား လက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရားနာ ယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားသို့ သာသနာတော် ထွန်းကားပြန့်ပွားရးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment