နေပြည်တော် ဇွန် ၆
၂၀၁၉ ခုနှစ်၊ (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္က္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ ဥက္က္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဒုတိယ၀န်ကြီးများဖြစ်ကြသော ဗိုလ်ချုပ် အောင်သူ၊ ဗိုလ်ချုပ် မြင့်နွယ်၊ ဦးတင်မြင့်နှင့် ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တွဲဖက်စစ်ရေးချုပ်၊ ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ လုံခြုံရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံ၏လွတ်လပ်ရေးအတွက် အသက်ပေးလှူသွား ကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ကို မမေ့မလျော့ စေရန်နှင့် လွတ်လပ်ရေး ရရှိအောင် အသက်၊ သွေး၊ ချွေးမြောက်များစွာ ပေးဆပ်ခဲ့ရသည်ကို နောင်လာနောက်သားများ သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ အာဇာနည်နေ့အခမ်းအနား ကို နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်ဆိုလျှင် (၇၂)နှစ်မြောက် ရှိပြီဖြစ်ပါကြောင်း။
ယခုနှစ်တွင် ကျင်းပမည့် ( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပ နိုင်ရန်အတွက် ( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် လုံခြုံရေးကော်မတီတို့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ တွင် ဒုတိယသမ္မတက နာယက၊ သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် (၃)ရပ်ချမှတ်ထားပါကြောင်း၊ အလားတူ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ (၂၇) ဦးဖြင့်ဖွဲ့စည်း၍ လုပ်ငန်း တာဝန်(၃)ရပ် ချမှတ်ထားပါကြောင်း၊ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုံခြုံရေး ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ(၁၆)ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်(၁၂)ရပ် ချမှတ်ကာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်ကျပြီး အဆင်ပြေချောမွေ့စေရန်အတွက် ဆပ်ကော်မတီ(၈)ခုကိုလည်း ယခင်နှစ်များနည်းတူ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဆပ်ကော်မတီ(၈)ခုမှာ အခမ်းအနား ပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေး ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ပြသရေးဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြု အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနားကျင်းပရေး ဆပ်ကော်မတီတို့ ဖြစ်ပါကြောင်း။
(၇၂)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော် အဆင့်ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကော်မတီများအနေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းကာ လစ်ဟာမှုမရှိအောင် ဆောင် ရွက်သွားစေလိုပါကြောင်း။
ထို့အပြင် အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားအတွက် လိုအပ်သည့် ပြင်ဆင် မှုများကို အချိန်မီ ပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ အခမ်းအနားသို့ တက်ရောက်လာမည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအပါအဝင် တက်ရောက် လာကြသူများအား ကြိုဆိုနေရာချထားရာတွင် လိုအပ်ချက်မရှိအောင် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက် သွားကြရန်နှင့် ဂါရဝပြုရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်အထွက် အချိန်ကိုက် ဖြစ်စေရေး သေချာစွာ အကွက်စေ့စေ့ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင် ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျစုဖွဲ့ပြီး ကြိုတင်ဇာတ်တိုက် လေ့ကျင့်သွားကြရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်အခန်းကို ယခင်နှစ်များ အတိုင်း ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားကြရန်နှင့် တိုင်းပြုပြည်ပြု လွှတ်တော်အစည်း အဝေးခန်းမကို ယခင်အတိုင်း ပြန်လည်ခင်းကျင်းပြသနိုင်အောင် မွမ်းမံပြင်ဆင်ဆောင်ရွက် သွားကြစေလိုကြောင်း၊ ထို့အတူ ဗိုလ်ချုပ် အောင်ဆန်းပြတိုက် အဆောက်အအုံ ကြံ့ခိုင်မှုရှိစေရေး၊ အသုံးအဆောင်ပစ္စည်းများကို ယခင်နှစ် အတိုင်း ခင်းကျင်းပြသနိုင်ရေးနှင့် ခြံဝန်းအတွင်း စိုက်ပျိုး သီးနှံများနှင့်တကွ သပ်ရပ်တင့်တယ် စေရေးတို့ကို အချိန်မီပြီးစီးအောင် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
လုံခြုံရေးကော်မတီအနေဖြင့် အခမ်းအနားကျင်းပမည့်နေရာများ၌ လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်(၁၂)ရပ်ကို လစ်ဟာမှုမရှိအောင် အထူး အလေးထားဆောင်ရွက် သွားရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင်သော အကြောင်း အရာများအား ပြည်သူများသိရှိနိုင်ရန်အတွက် ယခင်နှစ်များ နည်းတူ သတင်းဆောင်းပါးများ၊ အင်တာ ဗျူးများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သော မှတ်တမ်းများ၊ ရုပ်ရှင်ကားများ စသည်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယို တို့တွင် ကြိုတင်ထုတ်လွှင့်နိုင်ရေး စီမံ ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။
( ၇၂ )နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင် အောင် ကျင်းပပြုလုပ်နိုင်ရန်အတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတို့အနေဖြင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို အခြေခံပြီး ယခုကျင်းပမည့်အခမ်းအနားများတွင် အားနည်းချက်မရှိအောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် ပြောကြားသည်။
ထို့နောက် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လုပ်ငန်း ကော်မတီနှင့် ဆပ် ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က သက်ဆိုင်ရာဆပ်ကော်မတီအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကြည်မင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြန်ကြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့် တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်တို့က (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားနှင့် ဆက်စပ်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံ များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီ နာယက ဒုတိယသမ္မတက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:
Post a Comment