Home

Thursday, June 6, 2019

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ



နေပြည်တော် ဇွန် ၅
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလေးထားဆောင်ရွက်
အစည်းအဝေးတွင် ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ရာ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးအထိ ရောက်ရှိလာပြီဖြစ် ကြောင်း၊ ကော်မတီစတင်ဖွဲ့စည်းပြီးကတည်းက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာ၍ အချိန်တို အတွင်း ကော်မတီ၏ အဓိကတာဝန်များ ဖြစ်သည့် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေ ဥပဒေကြမ်း(zero draft) အပေါ်အဖွဲ့ဝင်ဌာနများ၏ သဘောထားမှတ်ချက်များကို အခြေခံ၍ ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေဥပဒေ(ပထမ မူကြမ်း)အဖြစ် တိုးတက်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ပုံစံမူကြမ်းဖော်ဆောင် ခြင်းအတွက် ကော်မတီအတွင်းရေးမှူးက ယနေ့ရှင်းလင်း တင်ပြ မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်သည် ရန်ပုံငွေထူထောင်ထားခြင်းမရှိသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ်ဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်မှ အပြည့်အဝ ကျခံသုံးစွဲ ခြင်းဖြစ်ကြောင်း၊ ပင်စင်အသုံးစရိတ် များကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့် သုံးစွဲလျက် ရှိကြောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ရန်ပုံငွေကို အခြေခံ၍ ခံစားခွင့်ပြုသည့် စနစ်သို့ ပြောင်းလဲနိုင်ပါက ရေရှည်အတွက် ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသည့် လူမှု ကာကွယ်စောင့်ရှောက်မှုစနစ် ဖြစ်လာ နိုင်ကြောင်း၊ ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေကို ထူထောင်ခြင်းဖြင့် နိုင်ငံ၏ မေခရိုစီးပွားရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုနိုင်သော အရင်းအနှီးများကိုလည်း ရရှိစေနိုင်မည်ဖြစ် ကြောင်း။
ရင်းနှီးမြှုပ်နှံ
စုဆောင်းရရှိသော ရန်ပုံငွေများကို တိုးပွားစေရန် သေချာပေါက် အမြတ်ရရှိနိုင်သော ခိုင်မာပြီး Risk နည်းသောလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန်လိုကြောင်း၊ ဝန်ထမ်းများ စုဆောင်းတတ်သည့် စိတ်ဓာတ် (Saving Attitude)ကိုလည်း ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ CPF အဖွဲ့ဝင်များအတွက် လိုအပ်ချက်များအပေါ်မူတည်ပြီး သင့်လျော်သည့် အကျိုးခံစားခွင့်များကို ကမ်းလှမ်းမည်ဖြစ်ခြင်းကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာမည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးရှုထောင့်မှ ကြည့်ပါက ဝန်ထမ်းများ ပင်စင်ယူမည့်အချိန်တွင် နောင်ရေးစိတ်အေး နိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် လူသားအရင်းအမြစ်ကို ထိန်းသိမ်းနိုင်ပြီး ကောင်းမွန်သောစီမံအုပ်ချုပ်မှုစနစ်ကို ဖော်ဆောင် နိုင်ကြောင်း၊ ရန်ပုံငွေထူထောင်ရာ တွင် နိုင်ငံ့ဝန်ထမ်းများအတွက် ဦးစွာ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ပြီး ရန်ပုံငွေလည်ပတ် ခိုင်မာလာသည်နှင့်အမျှ ပုဂ္ဂလိကကဏ္ဍအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CPF ဥပဒေ ပထမမူကြမ်းကို ကော်မတီ ဝင်များနှင့် ဆပ်ကော်မတီဝင်များကို ဖြန့်ဝေ ပေးပြီးဖြစ်သည့်အတွက် ပိုမိုပြည့်စုံ ရေးအတွက် သဘောထားမှတ်ချက်များ စိစစ်ပြန်ကြားပေးနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီအတွင်းရေးမှူး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ပင်စင်စနစ်ဟောင်းနှင့် စနစ်သစ်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကော်မတီလုပ်ငန်းများ၊ ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ ဥပဒေ (ပထမ မူကြမ်း) ရေးဆွဲပြီးစီးမှု အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် ဒီဇိုင်းပုံစံ(မူကြမ်း)တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီ ဝင်၊ ဆပ်ကော်မတီဝင် များက အကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment