Home

Saturday, June 8, 2019

ဆရာကြီးမောင်ထင် (၁၁၁)နှစ်အကြို ဂုဏ်ပြုအထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ


ရန်ကုန် ဇွန် ၇

မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း (မြန်-စာ-ပြန့်)က ကြီးမှူး ကျင်းပသည့် ဆရာကြီးမောင်ထင် (၁၁၁)နှစ် အကြို ဂုဏ်ပြု အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစန်းဝင်း (ရှေးဟောင်းသုတေသန) က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနား သဘာပတိ မဟာဝိဇ္ဇာ ဦးစိန်လှိုင် (သူရဇော်) က အမှာစကား ပြောကြားသည်။

ထို့နောက် ဒေါက်တာစန်းဝင်း (ရှေးဟောင်းသုတေသန) က မောင်ထင်၏ ဘ၀နှင့် စာပေစာတမ်းကိုဖတ်ကြား ပြီး ဦးအေးချို(မဟာဝိဇ္ဇာ)က မောင်ထင်၏ရေးဟန် (သို့မဟုတ်) မောင်ထင့်လေ စာတမ်းကို ဖတ်ကြားသည်။

ယင်းနောက် စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းပြီး သဘာပတိက သုံးသပ် ဆွေးနွေးကာ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အထွေထွေ အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။

ဆရာကြီးမောင်ထင်ကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့တွင် အဘ ဦးတရောင်း- အမိ ဒေါ်စိန်ပွင့်တို့က ၁၉၀၉ ခုနှစ် မတ် ၂၁ ရက်တွင် မွေးဖွားခဲ့ပြီး ဆရာကြီးမောင်ထင် သက်ရှိ ထင်ရှားရှိနေမည်ဆိုပါက ၂၀၁၉ ခုနှစ် မတ် ၂၁ ရက်တွင် အသက် ၁၁၀ ပြည့်ပြီ ဖြစ်သည်။

ဆရာကြီးမောင်ထင်သည် ၁၉၃၃ ခုနှစ်တွင် မြန်မာစာပေ ရွှေတံဆိပ်ဆုရရှိပြီး တက္ကသိုလ်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ဂန္ထလောကမဂ္ဂဇင်းများတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးများ စတင်ရေးသားခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် ကိုဒေါင်း ဝတ္ထုတိုများကို စတင်ရေးသားခဲ့သည်။

မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ ရည်ရွယ်ချက်ပါ လုပ်ငန်းစဉ်များနှင့်အညီ (မြန်-စာ-ပြန့်) စာစဉ် (၃၃)အဖြစ် ယနေ့ဖတ်ကြားသည့် စာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ်ကြားသော စာတမ်းများကိုအခြေပြု၍ အထိမ်းအမှတ်ဆောင်းပါးများ ပေါင်းစုကာ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ယနေ့စာတမ်းဖတ်ပွဲမှ သိရသည်။

သတင်း-မင်းသစ်(MNA) ၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment