Home

Saturday, June 8, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံသို့ တက်ရောက်


နေပြည်တော် ဇွန် ၈
အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယမန်နေ့က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံ ဒုတိယနေ့ အခမ်းအနားများ ဖြစ်သည့် မသန်စွမ်းသူများအပေါ် တန်းတူညီမျှမှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်းကလေးများနှင့် မသန်စွမ်း အမျိုးသမီးများ၊ မသန်စွမ်းသူများ ခွဲခြားမှုမရှိဘဲ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူများအတွက် နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ မသန်စွမ်းသူများအတွက် တရားမျှတမှု လက်လှမ်းမီရေးစသည့် မျက်နှာစုံညီ အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးသည်။

ထိုသို့ ဆွေးနွေးရာတွင် ရှေးဦးအရွယ်ကလေးငယ်များကို မသန်စွမ်းမှုမှ ကာကွယ်ခြင်း၊ မသန်စွမ်းမှု လျော့ချခြင်းဆိုင်ရာ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ၀န်ဆောင်မှုကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မသန်စွမ်းအမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ပေးနိုင်သည့် အလေ့အထကောင်းများ၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးတွင် ဝေပုံကျစနစ်ထားရှိခြင်း၏ နိုင်ငံတကာ အတွေ့အကြုံများ၊ ဉာဏ်ရည်မသန်စွမ်းသူများအား တရားမျှတမှုရရှိစေရန် ဥပဒေ အထောက်အပံ့ လက်လှမ်းမမီသော နေရာများတွင် ဖြေရှင်းဆောင်ရွက်ပေးရန် နည်းလမ်းများနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် မသန်စွမ်း ကလေးသူငယ်များအား ငယ်ရွယ်စဉ်မှစ၍ ရသင့်သည့် အခွင့်အလမ်းတို့ကို စောစီးစွာ ဖြည့်ဆည်းပေးခြင်းဖြင့် အရွယ်ရောက်လာသောအခါတွင် ၄င်းတို့၏ ဘ၀အရည်အသွေး တိုးတက်မြင့်မားရေး အခွင့်အရေးများ ရရှိနိုင်စေရန်၊ မသန်စွမ်းအမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ အလွဲသုံးခံရမှုတို့တွင် တရားမျှတမှု အခွင့်အလမ်းရရှိစေရေး သေချာစေမည့် ဥပဒေရေးရာ ကာကွယ်မှု စွမ်းအားမြှင့်တင်ပေးရန်၊ မသန်စွမ်းသူများသည် အလုပ်ခွင်များတွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို ဆောင်ရွက်ပေးရန်၊ မသန်စွမ်းသူများ တရားမျှတမှု အခွင့်အလမ်း အသေအချာ ရရှိစေရေး၊ ဥပဒေနှင့်တရားစီရင်ရေးကဏ္ဍရှိ ၀န်ထမ်းများ၏ မသန်စွမ်းမှုဆိုင်ရာ အသိပညာဗဟုသုတ မြင့်မားလာစေရန်တို့နှင့် စပ်လျဉ်း၍ အစိုးရ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် မသန်စွမ်း အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကိုလည်း ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံ ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံပေါင်း (၂၆)နိုင်ငံမှ ကိုယ်စားလှယ်များက အလေးအနက်ထား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညီလာခံပိတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အာဂျင်းတီးနားနိုင်ငံ ဒုတိယ သမ္မတ Mrs. Gabriela Michetti နှင့် အာဂျင်တီးနားနိုင်ငံ အမျိုးသားအဆင့် မသန်စွမ်းမှု အေဂျင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment