Home

Saturday, February 25, 2017

ကျေးလက်ပြည်သူများ သွားလာမှု အဆင်ပြေစေရေး မြေသားလမ်းဖေါက်လုပ်

မြောင်းမြ ဖေဖေါ်ဝါရီ ၂၄
ဖွံ့ဖြိုးမှုနည်းပါးပြီး မြို့ပြနှင့်အလှမ်းကွာဝေးသော ကျေးလက်ဒေသများမှ ကျေးရွာပြည်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရေးအတွက်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆက်သွယ်ရေးလမ်းများကို ဖေါက်လုပ် ပေးလျှက်ရှိရာ ဖေဖေါ်ဝါရီ၂၄ ရက်နေ့ ညနေက  မြောင်းမြမြို့နယ် သိလ္လာချောင်းဖျား - ကမကိုင် ကျေးလက်မြေသား လမ်း(၄)မိုင်(၄)ဖာလုံဖေါက်လုပ်နေမှုကို မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်သိန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးရာမြို့နယ် ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်မြင့်နှင့် လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များက လမ်းဖေါက်လုပ်ဆောင်ရွက်မှု ရှင်းလင်း ပြသခဲ့သည်။

အဆိုပါကျေးလက်မြေသားလမ်းမှာ မြို့ပြနှင့်ဝေးကွာပြီး ဆက်သွယ်သွားလာရေးခက်ခဲသော မြို့နယ်အစွန်အဖျားဒေသရှိ မြောင်းမြ မြို့နယ် သိလ္လာ ကျေးရွာနှင့် ကမကိုင် ကျေးရွာအုပ်စု တို့ကို ဆက်သွယ်ဖေါက်လုပ်ထားကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် (၄) မိုင် (၅)ဖာလုံ ဖေါက်လုပ်ပြီးစီး၍ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် (၄)မိုင် (၄)ဖာလုံ ဆက်လက် ဆောင်ရွက်လုပ်ကိုင်နေသော ဆက်သွယ်ရေး လမ်းမကြီး ဖြစ်ကြောင်းသိရသည်။  လမ်းအူကြောင်း ရှာဖွေဖေါက်လုပ်မှုတွင် ဒေသခံဥယျာဉ်ခြံ ပိုင်ရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရပြီး လုပ်ငန်းကြံ့ကြာမှု မရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကျေးရွာပြည်သူများ ပူးပေါင်းစီစဉ်ကာ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီမှ ယန္တယားများ ငှါးရမ်းအသုံးပြု၍ လုပ်ငန်းအမြန်ပြီးစီးရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ဆက်သွယ်ရေးလမ်း (၉) မိုင်ကျော် မြေသားလမ်း ပြီးစီးသွားပါက သိလ္လာ၊ ဝါးချောင်း၊ ကမ်းနီ၊ တံခွန်တိုင်၊ ဝါးဘိုးတောင်၊ ကြက်ရိုးချောင်း၊ နာနတ်တောင်၊ မြင်းကကွင်း ကျေးရွာများမှဒေသခံများ လပွတ္တာမြို့သို့လည်းကောင်း၊ မြောင်းမြမြို့သို့လည်းကောင်း ဆက်သွယ်သွားလာမှု မြန်ဆန်လာကာ ကုန်စည်စီးဆင်းမှုများနှင့်အတူလူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်၍  ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment