Home

Friday, February 24, 2017

ကြက်ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

၁။ တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ (၂၀) ရက်အတွင်းလူ (၂၅၉) ဦးတွင် ကြက်ငှက်တုပ်ကွေး ရောဂါ ဗိုင်းရပ်စ်ပိုး (H7N9) ဖြစ်ပွားခဲ့ပြီး (၈၈) ဦးသေဆုံးကြောင်း သတင်းထုတ်ပြန် ထားသည်ကို သိရှိရပါသည်။ ကြက်ငှက်တုပ်ကွေး ရောဂါ ဗိုင်းရပ်စ်ပိုး (H7N9) သည် ကြက်နှင့် ကြက်ထွက်ပစ္စည်းများ၊ ၎င်းတို့ နှင့် ထိစပ်သော ပတ်ဝန်းကျင်မှ တစ်ဆင့် လူသို့ ကူးစက်ခံရခြင်း ဖြစ်ပါသည်။


၂။ ယခုအခါ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု မရှိသေးသော်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ် ဒေသများရှိ Check Point များတွင် ကြက်၊ဘဲနှင့် ကြက်ထွက် ပစ္စည်းများ တင်သွင်းမှုများကို စစ်ဆေးခြင်း၊ Epidemiological Team နှင့် Inspection Team များမှလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖြစ်သည့်ရှမ်းပြည်နယ်၊ မူဆယ်သို့ ကွင်းဆင်း၍ ရောဂါစူးစမ်း လေ့လာခြင်းများ ဆောင်ရွက်လျှက် ရှိပါသည်။

၃။ ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ကြက်/ငုံးခြံများကို ဇီဝလုံခြုံမှုမြှင့်တင်ရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

(က) ဆောင်းခိုငှက်များနှင့် အိမ်မွေးကြက်၊ ငှက်၊ ဘဲနှင့်ငုံးများဆက်စပ် ထိတွေ့မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊

(ခ) ကြက်၊ ဘဲနှင့် ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင် ရွက်ရန်၊

(ဂ) ကြက်၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဃ) မွေးမြူရေးခြံအတွင်းသို့ ဝင်ပါကနှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊

(င) ကြက်ငှက်များကို ကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှထွက်သည့် အခါတိုင်း ဆပ်ပြာဖြင့်လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး  ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊

 (စ) အသား၊ ဥတို့ကိုသေချာစွာချက်ပြုတ်ပြီးမှ စားသုံးရန်၊

(ဆ) ကြက်ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဇ) ရောဂါကြိုတင် ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

No comments:

Post a Comment