နေပြည်တော်
ဒီဇင်ဘာ ၁၆
နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး ပိုမို
အားကောင်း ခိုင်မာစေရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်တွင်
ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်း ပါဝင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို
ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု လွှတ်တော်၊
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးရှိမှသာ ရပ်ရွာအေးချမ်း သာယာပြီး နိုင်ငံ တည်ငြိမ်မည်
ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင်
ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး၊ တရားလွှတ်တော်
တရားသူကြီးချုပ် ဦးစိုးသိန်း၊ တရားဥပဒေ စိုးမိုးရေး စင်တာမှ တာဝန် ရှိသူများနှင့် အရပ်ဘက်
အဖွဲ့အစည်းများမှ တာဝန်ရှိသူများက တရားရုံးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့အစည်း အလိုက်
ဆောင်ရွက် ချက်များနှင့် အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်
ကော်မရှင် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် တရားရုံးသို့ သွားရောက်
လေ့လာကြပြီး ထိုမှတစ်ဆင့် ချမ်းမြေ့သာစည် မြို့နယ်ရှိ တရားဥပဒေ စိုးမိုးရေးစင်တာသို့
သွားရောက် လေ့လာကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်၊
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊
ဒုတိယဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်း၊ ဒေါက်တာ အောင်ခင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ မန္တလေး
တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း၊ ဥပဒေဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊
ဥပဒေ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်
ကြသည်။
(သတင်းစဉ်)


No comments:
Post a Comment