Home

Tuesday, February 3, 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ ၃
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း တက်ရောက် အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦး၊ ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးဝင်း၊ ဒေါက်တာမြင့်အောင်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် မန်နေးဂျင်းဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်း၊ ဒုတိယဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အမှာစကားပြောကြားရာတွင် လက်ပံတောင်း တောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ မဖြစ်မနေဆက်လက်အကောင်အထည်  ဖော်ရန် အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အကြံပြုထားပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အတွက် ခြံစည်းရိုး ကာရံပြီးဖြစ်သော်လည်း စီမံကိန်းထုတ်လုပ်မှုလုပ်ငန်းများ စတင်နိုင်ရန် ကျန်ရှိနေသေးသော လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် စီမံကိန်းလုပ်ငန်း စတင်နိုင်ရန်အတွက် လိုအပ်မည့် အဆောက်အအုံများ SX-EW Plant များ ၊   Heap Leaching Pad Cell လိုင်းများစသည့် တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဟန်ချက် ညီညီ တည်ဆောက်သွားရန်လိုကြောင်း။
JMC ကော်မတီအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်း လက်တွေ့ နယ်ပယ်၌ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို      JMC ၏ ကြီးကြပ်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုတို့ဖြင့် ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ခြံစည်းရိုးဧရိယာအတွင်း သီးနှံဝင်ရောက်စိုက်ပျိုးခဲ့သည့် တောင်သူများ အား သီးနှံအမျိုး အစားအလိုက် ဒေသထွက်နှုန်းကိုအခြေခံ၍ ဒေသပေါက်ဈေးဖြင့် တွက်ချက်၍ ထောက်ပံ့ကြေး ငွေပေးအပ်ခဲ့သည့်အပြင် ရိတ်သိမ်း ရန်ကျန်သီးနှံများကိုလည်း လုပ်အားခကျခံရိတ်သိမ်း၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ခြင်းကြောင့် ဒေသခံ တောင်သူများ နစ်နာမှုမရှိစေရေးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြေယာနစ်နာ ကြေးနှင့်ထောက်ပံ့ကြေး ထုတ်ယူရန် ကျန်ရှိသော တောင်သူများလာရောက်            ထုတ်ယူပါက ယခင်စတင်ခံစားခွင့် ပေးခဲ့သည့်လမှစ၍ နောက်ကြောင်း ပြန် တွက်ချက် ထုတ်ပေးသွားရန်ဖြစ်ကြောင်း၊ ESIA   အစီရင်ခံစာကို အစီရင်ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့၏ အကြံပြုချက် များနှင့်အညီ ထည့်သွင်းရေးဆွဲပြီးဖြစ်၍ အတည်ပြုနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြန် ပြီးဆုံးအောင် ဆောင်ရွက် ရန်နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများအတွက်လည်း ကြိုတင် လျာထား လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ Vocational Training  သင်တန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် သွားကြရန်လိုကြောင်း၊ စီမံကိန်းထုတ်လုပ်မှုကာလ စတင်သည်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လာမည်ဖြစ်ရာ စီမံကိန်းတည်ဆောက်ရေးကာလအတွင်း အလုပ်မရသေး၍ အလုပ်စောင့်ဆိုင်းဆဲကာလအတွင်း Comtribution Plan  အရ  ဆက်လက်ထောက်ပံ့ပေးထားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများကို ဒေသခံပြည် သူများ၏ လိုအပ်ချက် စိတ်ဆန္ဒများနှင့်အညီ ဆောင်ရွက် ပေးသွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးက စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြု ချက်များနှင့်အညီ သီးနှံလျော်ကြေးနှင့် မြေယာနစ်နာကြေးများပေးလျော်ခဲ့မှု၊ စီမံကိန်း နယ်မြေနှင့် ပတ်ဝန်း ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့် အလမ်းရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကော်မတီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက စီမံကိန်း နယ်မြေနှင့် စီမံကိန်းလုပ်ငန်းများလုံခြုံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီမံကိန်းနယ်မြေအတွင်းရှိ သာသနိက အဆောက်အဦများ ရွှေ့ပြောင်းရေးနှင့်ပြန်လည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
ထို့နောက် သိမ်းဆည်မြေယာစိစစ်ရေးအဖွဲ့ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူမှုစီးပွားဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့တို့မှ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့မှ တာဝန်ရှိသူများက မိမိတို့ နှင့် သက်ဆိုင် သည့် ကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအ နေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားဆောင်ရွက်ပေးကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်း လိုက်သည်။

No comments:

Post a Comment