Home

Tuesday, February 3, 2015

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)မြောက်နေ့ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ 
ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် အစီအစဉ်(၉)ခုဖြင့် ကျင်းပပြီး စိုက်ပျိုးစရိတ်ချေးငွေ ဒဏ်တိုးပယ်ဖျက်ပေးရေး၊ ဆွမ်ပရာ ဘွမ်မြို့နယ်အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးဆောက် လုပ်ပေးရေးနှင့် အမျိုးသားသယ်ယူပို့ဆောင်ရေး မဟာစီမံကိန်းနှင့်ပတ်သက်သည့် မေးခွန်းများ မေးမြန်းဖြေကြားခဲ့သည်။


အစည်းအဝေးတွင်  လပွတ္တာမဲဆန္ဒနယ်မှ ဦးဇော်ထွန်း၏ လယ်သမားများ စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည်ပေး ဆပ်ရာတွင် သတ်မှတ်ကာလထက်ကျော်လွန်ပါက ပေးဆောင်ရသော ဒဏ်တိုး ကျသင့်ငွေကို ပယ်ဖျက်ပေးရန် သို့မဟုတ် နှုန်းထားပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက တောင်သူလယ်သမားများသို့ ငွေချေးရန်အတွက် လိုအပ်သောရန်ပုံငွေကို မြန်မာ့ စီးပွားရေးဘဏ်မှ ချေးယူရပြီး တောင်သူလယ်သမားများထံမှ ကောက်ခံချိန်မဟုတ်၍ ပြန်လည်မရသေး လျှင်ဖြစ်စေ၊ ကောက်ခံချိန်ဖြစ်သော်လည်း ၎င်းတို့က ပြန်လည်ပေးဆပ်ခြင်း မပြုသေးသည်ဖြစ်စေ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေးဘဏ်သို့ (၃)လတစ်ကြိမ် ပုံမှန်အတိုးပေးဆောင်နေ ရပါကြောင်း။
ထိုသို့(၃)လတစ်ကြိမ် အတိုးပေးဆောင်နိုင်ခြင်းမရှိပါက ပေးဆောင်ခြင်းမပြုနိုင်သည့် အတိုးငွေ ပမာဏအပေါ်မူ တည်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေးဘဏ်သို့ တစ်နှစ်လျှင် (၁၃)ရာခိုင်နှုန်းဖြင့် ပေးသွင်းနေရ သော်လည်း တောင်သူလယ်သမားများ၏ ချေးငွေအပေါ် အတိုးကို တစ်နှစ်လျှင် (၅)ရာခိုင်နှုန်းသာကောက်ခံပြီး ပေးဆပ်ရန်သတ်မှတ်ကာလကျော်လွန်မှသာ ဒဏ်တိုးအဖြစ် တစ်နှစ်(၁၂)ရာခိုင်နှုန်းသာ ကောက်ခံခြင်းဖြစ်ပါကြောင်း။
သတ်မှတ်ကာလကျော်လွန်ပေးဆပ်မှုအတွက် တောင်သူလယ်သမားများအပေါ် ဒဏ်တိုး ကောက်ခံခြင်းကို လက်ရှိ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ပယ်ဖျက်ပေးရန် သို့မဟုတ် နှုန်းထား ပြင်ဆင်ပေးရန် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်း၊ လက်ရှိဥပဒေအား ပြင်ဆင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ပြင်ဆင်သည့်ဥပဒေအပေါ်မူတည် ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးသန်းမြင့်၏ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားသယ်ယူပို့ဆောင် ရေးမဟာစီမံကိန်းကို မည်သို့ရေးဆွဲ၍ မည်သို့အကောင်အထည်ဖော်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က  မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပို့ဆောင်ရေးနည်းလမ်းအားလုံးပါဝင် သည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းတစ်ရပ် ရေးဆွဲရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါပင်မစီမံကိန်းတွင် လေကြောင်းပို့ဆောင်ရေးစီမံကိန်း(၃၂)ခု၊ ရေကြောင်းပို့ဆောင်ရေး စီမံကိန်း(၁၅)ခု၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးစီမံကိန်း(၃၃)ခု၊ ရထားပို့ဆောင်ရေးစီမံကိန်း(၁၄)ခု၊ ကုန်းလမ်းပို့ဆောင်ရေး စီမံကိန်း (၄၈)ခု စုစုပေါင်း (၁၄၂)ခုကို နှစ်အလိုက် အကောင်အထည်ဖော်ရန် သုံးသပ်ရေးဆွဲထားပါကြောင်း၊ အဆိုပါ ပင်မစီမံ ကိန်း၏ အပြီးသတ်မူကြမ်းအား ပြည်ထောင်စုလွှတ်တော် သို့ တင်ပြအတည်ပြုချက်ရယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိပါကြောင်း။
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပါက Master Plan  ပါ စီမံကိန်းများကို ဦးစားပေး အဆင့်အလိုက် သုံးသပ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပင်မစီမံကိန်းပါ လုပ်ငန်းစဉ်များ အကောင်အ ထည်ဖော်မှုနှင့် ကြီးကြပ်မှုအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့အပါအဝင် အခြားပို့ဆောင်ရေးကဏ္ဍနှင့် ဆက်စပ် လျက်ရှိသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများပါဝင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် မင်းတပ်မဲဆန္ဒနယ်မှ ဦးထန်းလိန်းက မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ စတင်ဖြစ်တည်ရာ ဒေသများရေရှည်ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင် ရန်အတွက် သဘာဝဂေဟစနစ်နှင့် မြေမျက်နှာ သွင်ပြင်အပေါ်အခြေခံသည့် မြေစီမံခန့်ခွဲမှု မူဝါဒ ရေးဆွဲချမှတ်ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်း သည်။
အဆိုနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအေးမြင့်မောင်က မြေအသုံးချမှု မူဝါဒများတွင် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ မြေအသုံး ချမှုလုပ်ငန်းစဉ်များ၊ လုပ်ထုံး လုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုး ကွဲများ၊ သဘာဝနယ်မြေများနှင့် ရေဝေရေလဲဒေသများ ရေရှည်တည်တံ့စေရန်၊ ပတ်ဝန်းကျင် ရေရှည် တည်တံ့စေမည့် မြေသယံဇာတ စီမံခန့်ခွဲရန်၊ ကဏ္ဍ အလိုက် မြေအသုံးချမှုဆိုင်ရာဇုန်များ စနစ်တကျ ဖွဲ့စည်းသတ်မှတ်ရန်စသည့် ရည်မှန်းချက်များ ချမှတ်ဆောင် ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ ဂေဟစနစ်များအား ရေရှည်တည်တံ့စေရန် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ကို နိုင်ငံတော် ဧရိယာ၏ (၃၀)ရာခိုင်နှုန်းဖွဲ့စည်းရန်လျာထားခဲ့ပြီး (၂၄ ဒသမ ၈၁)ရာခိုင်နှုန်း ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ သဘာဝ နယ်မြေများကို ရေတိုတွင် (၅)ရာခိုင်နှုန်း၊ ရေရှည်တွင် (၁၀)ရာခိုင်နှုန်းဖွဲ့စည်း သတ်မှန်ရန်လျာထားရာ (၆ ဒသမ ၈၄)ရာခိုင်နှုန်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  ထို့ပြင် သဘာဝနယ်မြေ များတွင် မြန်မာနိုင်ငံ၌သာ တွေ့ရှိနိုင်သည့် မျက်ခုံးဖြူငှက်၊ ပြာခြောက်၊ မြန်မာ့မျိုးရင်းရွှေသမင်များ၊ မျိုးသုဉ်းရန်နီးကပ်နေပြီးဖြစ်သော ကျား၊ မိကျောင်း၊ အာရှဆင်၊ ဝက်ဝံတို့ကို ထိန်းသိမ်းကာကွယ်ထားပါ ကြောင်း။
မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ စတင်ဖြစ်တည်ရာ ဒေသ များရေရှည် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် သဘာဝဂေဟစနစ်နှင့် မြေမျက်နှာသွင်ပြင် အပေါ်အခြေခံသည့် မြေစီမံခန့်ခွဲမှု မူဝါဒရေးဆွဲ ချမှတ်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့ အစည်းသာမက အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများကပါ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ နောင်ကိုလည်း သားစဉ်မြေး ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့် အတွက် အဆိုကို မှတ်တမ်းတင်သင့်ပါကြောင်းဖြင့် ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် အဆိုရှင်က အဆိုအား လွှတ်တော်တွင် မှတ်တမ်းတင်ထား၍ စောင့်ကြည့်သင့် ကြောင်း ၎င်း၏သဘော ထားကို လွှတ်တော်သို့တင်ပြသည်။

ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ယင်းအဆိုကို မှတ်တမ်း တင်ထားရှိ စောင့်ကြည့်ရန်  ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment