Home

Thursday, February 5, 2015

ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ အဋ္ဌမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ 
ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ ခွဲနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော်ချုပ် အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် "ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး" သည် အခြေခံကျသော တရားစီရင်ရေးမူ တစ်ရပ် ဖြစ်ပါကြောင်း၊ ယင်းအခြေခံမူသည် တရားစီရင်ရာတွင် ဘက်လိုက်မှု ကင်းရှင်းစေရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းမှ ဝင်ရောက် ခြယ်လှယ်ခြင်း၊ သြဇာလွှမ်းမိုးခြင်း မရှိစေရန်ဖြစ် ကြောင်း၊ အဆိုပါလွတ်လပ်မှုကို ကျင့်သုံးရာတွင် တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် လွတ်လပ်စွာ ဆောင်ရွက်ကြောင်း တာဝန်ခံနိုင်ရမည့် အပြင် ထိုသို့ ဆောင်ရွက်သည်ကို အများ သိမြင်စေရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ သို့အတွက် တရားရုံး အဆင့်ဆင့်၏ ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များကို ပြည်သူနှင့် မီဒီယာများအား ပိုမိုပွင့်လင်း မြင်သာစွာ သိမြင်စေရန်နှင့် သိရှိ လိုသည်များကို ဖြေကြားနိုင်ရန် အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော်များတွင် သတင်း ပြန်ကြားရေး အရာရှိများနှင့် တရားရုံး အသီးသီးတို့တွင် တရားရုံး သတင်း ပြန်ကြားရေး အရာရှိများကို ခန့်အပ် တာဝန် ပေးအပ်၍ သတင်း ပြန်ကြားရေး ကိစ္စများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သို့ပါ၍ မီဒီယာများ အနေဖြင့် မိမိကျင့်ဝတ်၊ တရားရုံး ကျင့်ထုံးများနှင့် အညီ သတ်မှတ် ထားသော နည်းလမ်းဖြင့် တရားရုံး အသီးသီးသို့ လာရောက် သတင်းရယူခြင်းများ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ ပြည်သူများ၏ သတင်း အချက်အလက် ရယူခွင့် (Access to Information) နှင့် တရားရုံး၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိအောင် ပွင့်လင်း မြင်သာမှု (Transparency) ဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူများ၏ တရားမျှတမှု လက်လှမ်းမီရေး (Access to Justice) နှင့် လူထု၏ အသိအမြင် မြှင့်တင်ရေး (Promote Public Awareness) သည် ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း အစီအစဉ်တွင် ပါဝင်ပါကြောင်း ပြောကြားသည်။
ထို့ပြင် မှုခင်းများ စစ်ဆေး စီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ ပြစ်မှုဆိုင်ရာ အမှုပေါင်း (၁၅၀၇) မှု လက်ခံရရှိပြီး (၁၂၀၉) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၂၉၈) မှု ကျန်ရှိကြောင်း၊ တရားမအမှုပေါင်း (၂၈၈၈) မှု လက်ခံရရှိပြီး (၂၀၃၉) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေး ဆဲ (၈၄၉) မှု ကျန်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရား လွှတ်တော်များမှာ ပြစ်မှုဆိုင်ရာ အမှုပေါင်း (၉၁၇၆) မှု လက်ခံရရှိပြီး (၆၄၀၅) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၂၇၇၁) မှု ကျန်ရှိကြောင်း၊ တရားမအမှုပေါင်း (၆၁၂၀) မှု လက်ခံရရှိပြီး (၃၇၄၃) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၂၃၇၇) မှု ကျန်ရှိကြောင်း၊ ခရိုင် တရားရုံးများမှာ ပြစ်မှုဆိုင်ရာ အမှုပေါင်း (၁၇၆၁၃) မှု လက်ခံရရှိပြီး (၁၃၆၆၃) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၃၉၅၀) မှု ကျန်ရှိကြောင်း၊ တရားမအမှုပေါင်း (၂၀၀၅၂) မှု လက်ခံရရှိ ပြီး (၁၀၉၃၄) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၉၁၁၈) မှု ကျန်ရှိကြောင်း၊ မြို့နယ် တရားရုံးများမှာ ပြစ်မှုဆိုင်ရာ အမှုပေါင်း (၄၉၃၉၀၀) မှု လက်ခံရရှိပြီး (၄၆၁၃၂၇) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၃၂၅၇၃) မှု ကျန်ရှိကြောင်း၊ တရားမအမှုပေါင်း (၃၉၂၁၃) မှု လက်ခံရရှိပြီး (၂၃၁၂၂) မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၁၆၀၉၁) မှု ကျန်ရှိကြောင်း၊ ကလေးသူငယ် တရားရုံးများမှာ ကလေးသူငယ် ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း (၃၀၈) မှု လက်ခံရရှိပြီး (၂၈၃) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၂၅) မှု ကျန်ရှိကြောင်း၊ စည်ပင်သာယာ တရားရုံးများမှာ စည်ပင်သာယာ ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၈၅၅၄၄) မှု လက်ခံရရှိပြီး (၈၄၇၆၂) မှု စစ်ဆေး ပြီးပြတ်ကာ စစ်ဆေးဆဲ (၇၈၂) မှု ကျန်ရှိကြောင်း၊ မော်တော်ယာဉ် တရားရုံးများမှာ မော်တော်ယာဉ် ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း (၃၅၅၄၅၉) မှုကို စစ်ဆေး စီရင်ခဲ့ကြောင်း၊ အထက်တရားရုံး အဆင့်ဆင့်က ပြင်ဆင် တည့်မတ် ပေးခဲ့ရသည့် အမှုများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များ၏ စီရင် ဆုံးဖြတ်ချက်များ အပေါ် လျှောက်ထား လာသည့် ပြစ်မှုနှင့် တရားမ အမှုပေါင်း (၂၆၁၅) မှု အနက် (၃၉၄) မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြင်ဆင် တည့်မတ် ပေးခဲ့ရကြောင်း၊ အလားတူ ခရိုင် တရားရုံးများ၏ စီရင် ဆုံးဖြတ်ချက်များ အပေါ် လျှောက်ထားလာသည့် ပြစ်မှုနှင့် တရားမ အမှုပေါင်း (၇၉၆၆) မှု အနက် (၁၈၁၁) မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် တရား လွှတ်တော်များက ပြင်ဆင် တည့်မတ်ပေးခဲ့ရပြီး၊ မြို့နယ် တရားရုံးများ၏ စီရင် ဆုံးဖြတ်ချက်များ အပေါ် လျှောက်ထားလာသည့် ပြစ်မှုနှင့် တရားမ အမှုပေါင်း (၁၀၃၄၃) မှုအနက် (၃၂၇၄) မှုကို ခရိုင်တရားရုံးများက ပြင်ဆင် တည့်မတ် ပေးခဲ့ရကြောင်း၊ ဒါကြောင့် အမှုများကို စစ်ဆေး စီရင်ရသော တရားရုံးများ အနေနှင့် အမှန်တရားကို အစွမ်းကုန် ထုတ်ဖော်၍ ထိုအမှန်တရား အပေါ်တွင် အခြေပြုကာ ဆုံးဖြတ် စီရင်ရန် အရေးကြီးကြောင်းဖြင့် မှာကြားသည်။
ယင်းလုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ရုံးနှင့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေး ဦးစီးမှူးများ၊ ခရိုင် တရားသူကြီးများ တက်ရောက်ကြပြီး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment