Home

Friday, February 6, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်ကျင်းပရေး အကြိုညှိနှိုင်း


ရန်ကုန် ဖေဖေါ်ဝါရီ ၆

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်ကျင်းပရေး အကြိုညှိနှိုင်းခြင်းကို ယနေ့မွန်းလွဲ (၂)နာရီတွင် ရန်ကုန်မြို့၊ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) အစည်းအဝေးခန်းမတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းနှင့် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် National Network for Education Reform (NNER) မှ ဒေါက်တာသိန်းလွင် တို့သည် ဖေဖေါ်ဝါရီ (၁၂)ရက် နောက်ပိုင်းတွင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပနိုင်ရေးတို့ အတွက် တွေ့ဆုံဆွေးနွေးကြသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကောင်မတီ ကျောင်းသားကျောင်းသူများတို့မှ အဖွဲ့ဝင် ကိုယ်စားလှယ်များ ဆွေးနွေးကြရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား ဆောလျင်စွာ ပြန်လည်ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပမည့် နေရာနှင့် အစည်းအဝေး အစီအစဉ်များ အသေးစိတ် ထပ်မံ ဆွေးနွေးနိုင်ရေးအတွက် ဖေဖေါ်ဝါရီလ (၉)ရက် ၁၄း၀၀ နာရီတွင် ထပ်မံ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ပါသည်။


ယနေ့တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မင်း၊ NNER မှ ဒေါက်တာသိန်းလွင်နှင့် ဒေါ်သူသူမာတို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment