ရန်ကုန် ဖေဖော်ဝါရီ ၉
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး အတွက်
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြန်လည် ကျင်းပရေး ဒုတိယအကြိမ် ဆက်လက် ညှိနှိုင်း
ဆွေးနွေးခြင်းကို
ယနေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်
ပညာဦးစီးဌာန (အောက်မြန်မာပြည်) အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊
နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲမှုကွန်ရက် (National Network for
Education Reform-NNER) မှ ဒေါက်တာ သိန်းလွင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ
ကျောင်းသား ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များသည်
လေးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပနိုင်ရေးတို့ အတွက် တွေ့ဆုံညှိနှိုင်းကြသည်။
ထိုကဲ့သို့ ညှိနှိုင်းရာတွင် အမျိုးသားပညာရေး
ဥပဒေပြင်ဆင်ရေးအတွက် အစိုးရ လွှတ်တော်၊ NNER နှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ
ကိုယ်စားလှယ် များ လေးပွင့်ဆိုင် ဆွေးနွေးကြရေး အတွက် တက်ရောက်လာကြသူများက အစည်းအဝေး
အစီအစဉ်များအပေါ် အသေးစိတ် ထပ်မံ ဆွေးနွေးကြ သည်။
ယနေ့ ညှိနှိုင်းသည့် အချက်များတွင် ကိုးချက်သဘောတူညီမှု
ရရှိခဲ့သည်။ အဆိုပါ ညှိနှိုင်းသဘော တူညီချက် များမှာ-
(၁) လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည့်
ရက်အဖြစ် ဖေဖော်ဝါရီလ (၁၁) ရက်အား သတ်မှတ်သည်။
(၂) ကျင်းပမည့် နေရာအား ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ဝင်းခန်းမအား သတ်မှတ်သည်။
(၃) ကျင်းပမည့်အချိန် နံနက် (၉) နာရီ
(၃၀) မိနစ် သတ်မှတ်သည်။
(၄) ဆွေးနွေးပွဲ တက်ရောက်ရန် တစ်ဖွဲ့လျှင်
(၂၀) ဦးစီ သတ်မှတ်သည်။
(၅) Moderator များအဖြစ် အစိုးရနှင့်
လွှတ်တော်မှ တစ်ဦး NNER နှင့်
ကျောင်းသား ကိုယ်စားလှယ်တို့မှ တစ်ဦး
သတ်မှတ်သည်။
(၆) ကျောင်းသားကိုယ်စားလှယ်များတွင် လက်ရှိ
လှုပ်ရှားနေသော ကျောင်း သား စစ်ကြောင်းများ အားလုံးကို ကိုယ်စားပြုသော ကိုယ်စားလှယ်
များ ပါဝင်ရန် သတ်မှတ်သည်။
(၇) တက်ရောက်မည့် ကိုယ်စားလှယ် (၂၀) ဦးစီ၏
အမည်စာရင်းအား ကြိုတင်ပေးပို့ပြီး ပေးပို့ထားသည့် ပုဂ္ဂိုလ်များသာ တက်ရောက်ရန် သတ်မှတ်
သည်။
(၈) ဆွေးနွေးပွဲ ကျင်းပချိန်တွင် မှတ်တမ်းယူရန်
အချိုးကျဝင်ခွင့်ပြုရန် သတ်မှတ်သည်။
(၉) ဆွေးနွေးပွဲရက်များတွင် ညှိနှိုင်းရရှိချက်များကို
အဖွဲ့တစ်ဖွဲ့စီ၏ ကိုယ်စားပြု ပြောရေးဆိုဖွင့် ရှိသူ (၁) ဦးစီမှ သတင်းစာရှင်းလင်း၍
သတင်းထုတ်ပြန်သွားရန် သတ်မှတ်ဆွေးနွေးခဲ့ကြသည်။
ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲသို့
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးကြီး တင်ဝင်းနှင့် ဒေါက်တာမြင့်သိန်း၊ ရန်ကုန်ပညာရေး
တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မင်း၊ NNER မှ ဒေါက်တာသိန်းလွင်နှင့် ဦးစိုးထွန်း၊
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုအောင်မှိုင်းဆန်း၊ ကိုရဲဇာနည်ထွန်းနှင့်
ကိုချစ်ဝင်းမောင် တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment