Home

Wednesday, February 11, 2015

ဘင်္ဂလားဒေ့ရှ် - တရုတ် - အိန္ဒိယ - မြန်မာ လေးနိုင်ငံပါဝင်သည့် (၁၂)ကြိမ်မြောက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု ဖိုရမ် ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁ဝ
''ဘီစီအိုင်အမ် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း''ခေါင်းစဉ်ဖြင့် (၁၂)ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။




ယင်းဖိုရမ်၌ စီးပွားရေးစင်္ကြံဆိုင်ရာ ဆက်သွယ်မှုများ မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဘီစီအိုင်အမ်ဒေသတွင်း ပြည်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ်ခွဲများကို ''ဘီစီအိုင်အမ် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း''ခေါင်းစဉ် အောက်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့များမှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာတမ်း ၁၂ စောင်ကို တင်သွင်းဖတ်ကြား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်း အဝေးကို ၁၉၉၉ ခုနှစ်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ စတင်ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အလှည့်ကျ ကျင်းပခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် စတုတ္ထအကြိမ်နှင့် ၂ဝဝ၉ ခုနှစ်တွင် အဋ္ဌမအကြိမ်မြောက်ဖိုရမ်များကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရခဲ့သည်။ ယခု ကျင်းပသည့် (၁၂)ကြိမ်မြောက်ဖိုရမ်ကို ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်သော်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသောကြောင့် ယခုကဲ့သို့ ၂ဝ၁၅ ဖေဖော်ဝါရီတွင် ကျင်းပခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
(၁၂)ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကို ဖေဖော်ဝါရီ ၁၁ ရက်ထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များက ပူးတွဲထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က အဖွင့်မိန့် ခွန်းပြောကြားခဲ့သည်။ ယင်းနောက် ဘင်္ဂလားဒေ့ရှ်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် Mr.Abdul Motaleb Sarker၊ တရုတ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး H.E.Mr. Gao Shuxun၊ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Shree Eric Gonsalves တို့က အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။
ယနေ့ပြုလုပ်သည့် ဖိုရမ်သို့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံမှ အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ယင်းနိုင်ငံအသီးသီး၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံမှ အဆိုပါဖိုရမ်နှင့်သက်ဆိုင်သော ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment