နေပြည်တော်
ဖေဖော်ဝါရီ ၇
တတိယအကြိမ်မြောက် မြန်မာနိုင်ငံဖွံ့ဖြိုးမှု
ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာစကား
ပြောကြားသည်။
အခမ်းအနား မစတင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နားနေဆောင်၌ လက်ခံ တွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်နေသည့်
စီမံကိန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
နိုင်ငံတော်သမ္မတက အဖွင့်အမှာ စကားပြောကြားရာတွင်
၂၀၁၁ ခုနှစ်၊ မတ်လမှ စ၍ မိမိတို့ အစိုးရတာဝန် ယူခဲ့ပြီးနောက် ပိုင်း မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် နိုင်ငံတကာမှ ပံ့ပိုး ကူညီနိုင်ရန်နှင့် နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား
ရန်ရည်ရွယ်ပြီး ယခုကဲ့သို့ နိုင်ငံလုံး အတိုင်းအတာအဆင့် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး
ဖိုရမ်ကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့သည်မှာ ယခု ၂၀၁၅ ခုနှစ်တွင် (၃)ကြိမ် ရှိခဲ့ပြီဖြစ်ပါကြောင်း။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့်
ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်တွင် မြန်မာနိုင်ငံအစိုးရနှင့်
ဖွံ့ဖြိုးမှု မိတ်ဖက်များအကြား ဆောင်ရွက်သွားရမည့် နှစ်ဘက် ကတိကဝတ် များပါရှိသည့်"
နေပြည်တော် သဘောတူညီချက်" ကို အတည်ပြု ချမှတ် ထုတ်ပြန်နိုင်ခဲ့ပါ ကြောင်း၊ ၂၀၁၄
ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ဒုတိယ အကြိမ် မြန်မာ နိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံအစိုးရနှင့်
ဖွံ့ဖြိုးမှုမိတ်ဖက်များ အကြား အတူတကွ နီးကပ်စွာပူးပေါင်း လက်တွဲဆောင်ရွက်သွားမည်ဟူသည့်
ကတိ ကဝတ်ကို ထပ်လောင်း အတည်ပြုသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
ယင်းဖိုရမ်များ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့်အတူ
နိုင်ငံတကာအသိုက်ဝန်းနှင့် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အတွက်
နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံကို ကဏ္ဍနယ်ပယ် များစွာတို့၌ ဖွံ့ဖြိုးမှု အကူအညီ၊
ချေးငွေ၊ အထောက်အပံ့နှင့် နည်းပညာ/ကျွမ်းကျင်မှုအကူအညီများ တိုးမြှင့်ပေးအပ်လျက်ရှိပါကြောင်း၊
နိုင်ငံတကာ အသိုက်အဝန်းနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေဖြင့် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊
ကြုံတွေ့ ရသည့်အခက်အခဲနှင့်စိန်ခေါ်မှုများ၊ အခွင့်အလမ်းနှင့် အလားအလာကောင်း များအပေါ်
သေချာစွာနားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ ၏နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊
လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲမှုလျော့ကျရေး၊ ကျေးလက် ဖွံ့ဖြိုးရေးနှင့် အခြားကဏ္ဍနယ်ပယ်များစွာတို့၌
အဘက်ဘက်က အားကြိုးမာန်တက် ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပေးသည့်အတွက် ယနေ့အခြေအနေအထိ
သိသာထင်ရှားသည့်အောင်မြင်မှုများရရှိ ခဲ့ခြင်းပင် ဖြစ်ပါကြောင်း။
ထို့အတွက် မြန်မာနိုင်ငံမှ ပြည်သူအားလုံး၏ကိုယ်စား
မိမိအနေဖြင့် နိုင်ငံ တကာအသိုက်အဝန်း နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအားလုံးကို လှိုက်လှဲ
စွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်
နိုင်ငံတကာအသိုက်အဝန်းနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်း စဉ်များတွင်
အစိုးရနှင့်ဖွံ့ဖြိုးမှုမိတ်ဖက် များ အကြား ဆောင်ရွက်ကြမည့် နှစ်ဖက်ကတိကဝတ်များဖွံ့ဖြိုး
တိုးတက်ရေး အတွက် အကူအညီအထောက်အပံ့များ၊ စီမံချက်များနှင့်အစီအစဉ်များ၊ အဖွဲ့အစည်း
ဆိုင်ရာ စနစ်များ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် အလေ့အထများနှင့် ပတ်သက်၍
အခြေခံ ကောင်းများကို အသေအချာ ချမှတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယင်း အခြေခံကောင်းများအပေါ်တွင်
ဆက်လက်ခိုင်မာအောင် တိုးမြှင့်တည်ဆောက်သွားနိုင်ရန် အနာဂတ် တွင် ပြည်သူအားလုံး ပါဝင် အကျိုး
ကျေးဇူးခံစားနိုင်သည့် ဖွံ့ဖြိုးမှုကိုရရှိရန် ဖိုရမ်၏ခေါင်းစဉ်ကို ''Building Upon
Foundations- Focusing towards Future inclusive Development" ဟူ၍ သတ်မှတ်ကျင်းပခြင်း
ပင်ဖြစ်ပါကြောင်း။
၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအလွန်မြင့်မား
မည့် နှစ်တစ်နှစ်ဖြစ် ပါကြောင်း၊ ယခုနှစ်အတွင်း ကျင်းပပြုလုပ်ရန်ရှိ သည့် ရွေးကောက်ပွဲ၊
တစ်နိုင်ငံလုံးအတိုင်းအတာချုပ်ဆိုနိုင် ရန် ဆောင်ရွက်နေသည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၊
အစိုးရ ဌာနများပြုပြင်ပြောင်းလဲ မှုနှင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များသည်
ကြီးမားစွာကျော်လွှားရမည့် စိန်ခေါ် မှုနှင့် အောင် မြင်မှု ရရှိအောင် ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်သည်ကို
အလေးအနက်ခံ ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းစိန်ခေါ်မှုများကို နိုင်ငံတကာ အသိုက်အဝန်း၊
ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် မိမိတို့၏အိမ်နီး ချင်းများအားလုံးတို့က အဘက်ဘက်မှ ပေးအပ်နေသည့်
အထောက်အပံ့များ၊ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိမိတို့ရင်ဆိုင်နေရသည့်
စိန်ခေါ်မှုများ အားလုံးကို အောင်မြင်စွာကျော်လွှား နိုင်မည်၊ အားလုံးပါဝင်ဆောင်ရွက်မှုဖြင့်
ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်မည်ကို ပိုမိုယုံကြည်မှုရှိပါ ကြောင်း။
အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ဆန္ဒနှစ်ခုဖြစ်သည့်
တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်နိုင်ရန်
အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အောင်မြင်မှု များလည်း ရရှိခဲ့ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့်
လုပ်ငန်း များလည်း ကျန်ရှိနေသေးပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ရရှိပြီးဖြစ်သည့်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုခိုင်မာ ပြီး ဆက်လက်ရှင်သန်နိုင်ရန်၊
ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာရန်နှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ
ကျင်းပနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေဖြင့်
တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘော တူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရန်
မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းလျက် ရှိပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းနှင့်
ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အခန်းကဏ္ဍနှင့် ယင်းတို့၏ငွေကြေးနှင့်နည်းပညာဆိုင်ရာ အကူအညီ အထောက် အပံ့များသည်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်သာမက မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်လည်း
အထူးအရေးပါသည့် အင်အားတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ၂၀၁၅ ခုနှစ်အတွင်း၌ နိုင်ငံတကာနှင့်
ဖွံ့ဖြိုးမှုမိတ်ဖက်များ၏အကူ အညီ အဖြစ် မြန်မာ နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို
ပိုမိုခိုင်မာ အားကောင်း ရန်နှင့် အရှိန်အဟုန်မြင့်မားစေရန် နိုင်ငံ တကာအသိုက် အဝန်းနှင့်
ဖွံ့ဖြိုးမှု မိတ်ဖက် များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါ ကြောင်းဖြင့်
ပြောကြားခဲ့သည်။
ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီဥက္ကဋ္ဌ Dr.Akihiko Tanaka နှင့် ဥရောပသမဂ္ဂမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်Mr.Marcus
Cornaro တို့က နှုတ်ခွန်း ဆက်အမှာစကားပြောကြားကြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဖွင့်ပွဲအခမ်းအနား
သို့တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယနေ့ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်နှင့်ပါတီများမှ
ကိုယ်စားလှယ်များ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ စီးပွားရေးဝန်ကြီးများ၊
အလှူရှင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊
နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

No comments:
Post a Comment