ပင်လုံစာချုပ်အစ
ရွှေတိဂုံညီလာခံမှာ
၁၉၄၆ ခုနှစ်ဆန်းပိုင်းတွင် ရွှေတိဂုံစေတီတော်
အနောက်မုခ်၌ (ဖဆပလ)အဖွဲ့ချုပ်၏ ပြည်လုံးကျွတ် ညီလာခံ ကြီးကို ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းက
''ဗြိတိသျှတို့၏ စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး
များကို လက်မခံနိုင်ကြောင်း၊ ဆင်းမလား စီမံကိန်းကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံတွင်
လွတ်လပ်ရေး ရသည်ထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း''ဖြင့် ရဲရဲတောက် မိန့်ခွန်းခြွေခဲ့သည်။
ထိုမိန့်ခွန်းကို ညီလာခံ တက်လာသူ အားလုံးက ထောက်ခံ ခဲ့သည်။
တောင်တန်းဒေသ အတွင်းရေးမှူးဖြစ်သူ ဖဆပလအဖွဲ့ဝင်
ဦးဖေခင်ကလည်း အဆိုတစ်ရပ် တင်ပြခဲ့သည်။ ထိုအဆိုတွင် ''စက္ကူဖြူစာတမ်းဟာ တောင်တန်းဒေသကို
ချန်လှပ်ပြီး သူတို့အလိုကျ ဗမာပြည်ကို ရာသက်ပန် စိုးမိုးချုပ်ကိုင်သွားဖို့ မဟာဗျူဟာတစ်ရပ်
ချမှတ်တာဖြစ်တယ်။ နယ်ချဲ့တွေက ဗမာပြည်ကို အနှစ်(၇ဝ)နီးပါး အုပ်ချုပ်သွားတယ်။ ကျုပ်တို့က
ဗြိတိသျှ လက်အောက်က လွတ်ဖို့အတွက် အနှစ်(၁ဝဝ) စောင့်ရဦးမှာလား၊ မေးချင်တယ်။ ကျုပ်တို့က
ဗြိတိသျှ လက်အောက်မှာ တစ်ပြိုင်တည်း ကျွန်ဖြစ်ခဲ့ရတယ်။ တောင်တန်း၊ မြေပြန့် ကိုလည်း
တစ်ပြိုင်တည်း လွတ်လပ်ရေးပေးပါ။ ပြည်မနဲ့တောင်တန်း ပူးပေါင်းရေးဟာ အင်္ဂလိပ်တွေရဲ့ အလုပ်
မဟုတ်ဘူး။ ကျုပ်တို့ ပြည်ထောင်စုသားတွေရဲ့ အလုပ်ပါ။ ရှမ်းပြည်နယ် လူထုကလည်း အင်္ဂလိပ်
အုပ်စိုးမှုကို လုံးဝ လက်မခံနိုင်ကြတော့ဘူး။ သို့အတွက် တောင်တန်းနဲ့ မြေပြန့် ပေါင်းစည်းရေး
အဆိုကို အလေးအနက် တင်သွင်းပါတယ်'' ဟု ဦးဖေခင်က ထပ်မံတင်ပြခဲ့သည်။ ထို့အတွက် ဗိုလ်ချုပ်
အောင်ဆန်းသည် သခင်နု၊ မန်းဘခိုင်၊ ဦးဘဂျမ်းတို့ကို ရခိုင်သို့ လွှတ်ကာ ညီညွတ်ရေးတရား
ဟောပြောစေခဲ့သည်။ ပင်လုံအစည်းအဝေး ကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ ဆောင်ရွက်ခဲ့ပါသည်။
ထိုကာလအတွင်း နောင်ဝန်ကြီးချုပ် ဖြစ်လာမည့်
ဦးနုက တောင်တန်းဒေသအပေါ် နယ်ချဲ့တို့ ကျင့်သုံးနေသော သဘော တရားများကို ရှမ်း၊ မြန်မာချစ်ကြည်ရေး
သမိုင်းကြောင်းနှင့် စိတ်ဓာတ်ကို တင်ပြရာ ရှမ်း၊ ဗမာအားလုံးက တစ်ညီ တစ်ညွတ်တည်း ထောက်ခံခဲ့လေသည်။
အကောက်ကြံတဲ့
နယ်ချဲ့
ဤကာလတွင် အင်္ဂလိပ်နယ်ချဲ့တို့သည် နည်းမျိုးစုံသုံး၍
ပြည်မနှင့် ပြည်နယ်များကို ခွဲရန်ကြံစည် ကြိုးစားခဲ့လေသည်။ ဗမာနှင့်အခြား တိုင်းရင်းသားများ
သွေးကွဲစေရန်၊ ခေါင်းဆောင်များနှင့် လူထုအကြား ယုံကြည်မှုပျက်ပြားစေရန်၊ ခေါင်းဆောင်အချင်းချင်း
အထင်အမြင်လွဲမှား စေရန်ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က သစ္စာဖောက်များမှာ စော၊ စိန်၊ မော်
ဂိုဏ်းဝင်များဖြစ်၏။ (ဦးစော၊ သခင်ဗစိန်၊ ဒေါက်တာဗမော်တို့၏ ဂိုဏ်းဖြစ် ပါသည်။) ဆရာကြီး
သခင်ကိုယ်တော်မှိုင်း ကလည်း ဂွကလိန်-ဗစိန်ဟု စာချိုးခဲ့၏။
မည်သို့ပင်နယ်ချဲ့တို့ သွေးခွဲစေကာမူ
မြန်မာများ၏ တောင်းဆိုမှုကရပ်မသွားပါ။ အနာဂတ် နိုင်ငံရေးဆွေးနွေးရန် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင်
မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့ထွက်ခွာသွားခဲ့သည်။ အင်္ဂလန် ရောက်သည်နှင့် ဗိုလ်ချုပ်က
''မြန်မာနိုင်ငံသည် တစ်နှစ်အတွင်း လွတ်လပ်ရေးရကို ရရမည်''ဟု ကြွေးကြော် ခဲ့သည်။ ဗိုလ်ချုပ်တို့
အင်္ဂလန်သို့ ရောက်နေချိန်တွင် ''အောင်ဆန်းမှာ ဗမာတစ်နိုင်ငံလုံး၏ ကိုယ်စားလှယ် မဟုတ်၊
လန်ဒန်သို့ တိုင်းရင်းသား ကိုယ်စားလှယ်များကို ခေါ်ယူဆွေးနွေးပါ''ဟူသော ကြေးနန်းစာကို
ရှမ်းစော်ဘွား တချို့က ပို့လိုက်သည်။
ထို့ကြောင့် မစ္စတာအက်တလီနှင့် ဗိုလ်ချုပ်တို့
စကားပြောဆိုမှုနှုန်း နှေးသွားသည်၊ သို့တစေချင်းနှင့် ရှမ်းမျိုးချစ်များက အင်္ဂလန်သို့
စာထပ်ပို့သည်။ စာတွင် -
၁။ ရှမ်းပြည်နယ်မှာ ဗမာဘုရင်များ လက်ထက်ကပင်
လွတ်လပ်စွာနေ ခွင့်ရသော နယ်မြေဖြစ်၏။
၂။ မြန်မာကို လွတ်လပ်ရေးပေးလျှင် ရှမ်းကိုပေးရမည်။
၃။ ရှမ်းတို့၏ သီးခြားလွတ်လပ်ခွင့်ကို
အခြားပြည်နယ်/တိုင်းများမှ ထောက်ခံကြောင်း။
၎။ ရှမ်းပြည်ကို အခြားပြည်နယ် သားများနည်းတူ
နယ်ခြားအုပ် ချုပ်ရေးပေးရန်။
၅။ ရှမ်းတို့က မြန်မာများနှင့်ပူးပေါင်းဆောင်ရွက်လိုသည်
စသည်ဖြင့် ကြေးနန်းပို့ရာ မစ္စတာအက်တလီက လက်ခံခဲ့ပါသည်။
ဤအတွင်း ဦးနုကလည်း ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်ပေးသည်။
တောင်ကြီးတွင် ဦးတင်အေးနှင့် ညောင်ရွှေ စော်ဘွားကြီးတို့ လူထုအစည်း အဝေးတစ်ခုပြုလုပ်ကာ
''ရှမ်းများကို ဗမာပြည်မနှင့်အတူ လွတ်လပ်ရေးပေးရန် ဗိုလ်ချုပ်ကို တိုင်းရင်းသားအားလုံး၏
ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသည်''ဟု ကြေညာခဲ့သည်။ ဗြိတိသျှများက ကိုလိုနီဒီုမီနီယံ
ဝန်ကြီးမစ္စတာဘော်တွန်မလေကို ရှမ်းပြည်နယ်သို့ လွှတ်ပြီး လူထု လှုပ်ရှားမှုအားလုံးကို တင်ပြခိုင်းသည်။
သမိုင်းဝင်
ပင်လုံညီလာခံ
ပင်လုံစာချုပ်အကြောင်းရေးလျှင် အောင်ဆန်း-အက်တလီစာချုပ်ကို
ချန်ထား၍မဖြစ်။ ဤစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီ လ ၂၇ ရက်နေ့က လန်ဒန်၌ လက်မှတ်ထိုးရာတွင်
ပါဝင်သည်များမှာ-
၁။ ၁၉၄၇ခုနှစ် ဧပြီလအတွင်း တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်။
၂။ တောင်တန်းနှင့် ပြည်မတို့ နှောင့်ယှက်ခွင့်မရှိဘဲ
ကူးလူးခွင့်ပေးရန်။
၃။ မကြာမီအမြန်ဆုံး ပင်လုံညီလာခံခေါ်ရန်စသည့်အချက်များပါရှိသည်။
သို့နှင့် ပင်လုံညီလာခံ ခေါ်လိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းက
''အနာဂတ်မှာ ကျုပ်တို့ ဘယ်လိုလုပ်မယ် ဆိုတာကို စဉ်းစားရန် လိုကြောင်း၊ ပြည်တွင်းရေး
ပြဿနာဖြစ်လို့ ကျုပ်တို့ အချင်းချင်း ညှိနှိုင်းဖြေရှင်းရမည် ဖြစ်ကြောင်း၊ အမေကျော်
ဒွေးတော်လွမ်းနေလို့ မဖြစ်ကြောင်း၊ ပြည်နယ် ပြည်မပေါင်းစည်းရေးကို အဖျက်သမားအချို့က
ဖျက်ဆီးနေကြောင်း၊ ကျုပ်တို့က ပြည်နယ်မြေပြန့် ခိုင်မြဲစွာ လက်တွဲဖို့လိုကြောင်း၊ ဗမာပြည်ကိုထပ်ပြီး
စစ်မီးမတောက်စေလိုကြောင်း'' ဖြင့် ပြောသည်။
ထို့အပြင် ဗိုလ်ချုပ်က ''ကျွန်တော်စုံစုံလင်လင်တင်ပြခဲ့ပြီးပြီ၊
ဗမာပြည်ကို ထူထောင်ရင် ပြည်ထောင်စု သဘော လုပ်မလား၊ လူမျိုးကြီးတစ်မျိုး တည်းဆိုတဲ့
Unity State လုပ်မလား၊ စဉ်းစားရမယ်။ တစ်စိတ် တစ်ဒေသ၊ တစ်ခုလုံးကို ကျန်တာမျိုး မဖြစ်စေရဘူး၊
Union ပြည်ထောင်စုနိုင်ငံသာ ဖြစ်စေရမယ်''ဟု ပြောဆိုသည်။
ပင်လုံစာချုပ်တွင် အရေးကြီးသည့် အချက်
လေးချက် ပါရှိသည်။၎င်း တို့မှာ -
၁။ မြန်မာများနှင့် ပူးပေါင်းဆောင်ရွက်လျှင်
ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယားများပါ အမြန်ဆုံး လွတ်လပ် လာမည်။
၂။ ဒီမိုကရေစီနည်းအရ မြန်မာကို လွတ်လပ်ခွင့်ပေးလျှင်
တောင်တန်းဒေသ အားလုံးကိုလည်းပေးပါ။
၃။ ရှမ်း၊ ကချင်၊ ချင်း အမှုဆောင်လူကြီးများသည်
မိမိတို့ ပြည်နယ်ကို မိမိတို့တာဝန်ယူဆောင်ရွက်ရန် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊
ဆိပ်ကမ်း၊ အခွန်ကိစ္စတို့တွင် ဗမာနှင့်ပူးတွဲလုပ်ကိုင်ရန်။
၎။ တိုင်းရင်းသားလူမျိုး(၁၇)သန်း၏ အနာဂတ်ကြီးပွားရေး၊
အုပ်ချုပ်ရေးကို ပြည်ထောင်စု Union စနစ်ဖြင့်သာ ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသူများမှာ
(၁) ဦးအောင်ဆန်း (မြန်မာ ကိုယ်စားလှယ်)၊ (၂) စဝ်နွံ (လဲချား)၊ (၃) စဝ်ခွန်ပန်းစိန်(တောင်ပိုင်းစော်ဘွား)၊
(၄) စဝ်ရွှေသိုက်၊ (၅) စဝ်ဟုန်ဖ(သိန္နီ)၊ (၆) စဝ်ထွန်းအေး၊ (၇) ခွန်ဖုံး (သိန္နီ)၊ (၈)
ဦးတင်ဧ(တောင်ကြီး)၊ (၉) ခွန်ကြာပု(သီပေါ)၊ (၁ဝ) စဝ်ယဉ်ဖ (သီပေါ)၊ (၁၁) ဆမားဒူးဝါး
ဆင်ဝါးနောင်၊ (၁၂) ဇော်ရစ်(မြစ်ကြီး နား)၊ (၁၃) ဦးခွန်ထီး(ပင်လုံ)၊ (၁၄) ဦးထွန်းမြင့်
(မောက်မယ်)၊ (၁၅) ဦးခွန်စော (ပင်းတယ)၊ (၁၆) ဦးဖြူ (ကျိုင်းတုံ)၊ (၁၇) ဒိန်ရတန်(ကချင်)၊
(၁၈) ဒူးဝါးဇော်လွန်း(ဗန်းမော်)၊ (၁၉) လဗန်းဂရောင်း(ဗန်းမော်)၊ (၂ဝ) ဦးလွှာမှုန်း (ဖလမ်း)၊
(၂၁) ဦးထောင်ဇာခုတ်(တီးတိန်)၊ (၂၂) ဦးကီးယိုမန်း (ဟားခါးချင်း) တို့ဖြစ်ကြပါသည်။
စာချုပ်ကို လက်မှတ်ရေးထိုးရာတွင် ဦးအောင်ဆန်း(မြန်မာအစိုးရ)ဟူ၍
မြန်မာပြည်လွတ်လပ်ရေးမရမီကပင် ပင်လုံ၌ လွတ်လပ်ရေးတံခွန် ထူနိုင်ပြီဖြစ်ကြောင်း တင်ပြရပါသည်။
။
နီငြိမ်း
No comments:
Post a Comment