Home

Wednesday, February 11, 2015

မြန်မာ့ခရီးသွားလုပ်ငန်း အောင်လံတံခွန်ထူမည့် ၂၀၁၅ ခုနှစ်၊ အကောင်းဆုံးခရီးသွားနယ်မြေ ၁၀ နေရာ

သုတ
နိုင်ငံတကာခရီးသွား အရေအတွက် ပုံမှန်မြင့်တက်လာခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပိုမို ကောင်းမွန် လာမှုနှင့် အတူ မြန်မာ့ခရီးသွား လုပ်ငန်းအောင်လံတံခွန်ထူမည့် နှစ်တစ်နှစ်အဖြစ် ၂ဝ၁၅ ခုနှစ်ကို မျှော်လင့် ထားကြသည်။ ထိုခရီးသွားလုပ်ငန်းစံချိန်တင်မည့်နှစ်ကို ပြီးခဲ့သည့် ဇန်န ဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် နိုင်ငံပေါင်း ၅ဝ ကျော်မှ ကိုယ်စားလှယ် ၂ဝဝဝ ကျော် တက်ရောက်ခဲ့သော အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်ဖြင့် စတင်လိုက်ခြင်းဖြစ်သည်။




မြန်မာနိုင်ငံအား နိုင်ငံတကာက ပိုမိုထိတွေ့လာပြီး စိတ်ဝင်စားမှု များလာခြင်းမှာ လေကြောင်းခရီးစဉ် တိုးချဲ့လာမှုနှင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ ပိုမိုကောင်းမွန်လာမှုတို့ကြောင့်မဟုတ်ဘဲ ကန့်သတ် မှုများ ဖြေလျှော့လာစဉ် စဉ်ဆက်မပြတ် လမ်းပွင့်လာသည့် များပြားလာသော ခရီးသွားနေရာများ ကြောင့်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့် ပထမ ငါးနေရာသည် ခရီးသွားများ လည်ပတ်မှုအများဆုံး နေရာများဖြစ်ရာ လူသိများသဖြင့် ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စဉ်းစားနေသည့် နိုင်ငံတကာ ခရီးသွားများအတွက် စတင်လည်ပတ်ရန် သင့်လျော်ကောင်းမွန် သည့်နေရာများဖြစ်သည်။ စွန့်စားခရီး ကြိုက်နှစ်သက် သူ သို့မဟုတ် ခရီးစဉ်အသစ် သွားရောက်လိုသူများသည် ဖော်ပြပါဒုတိယ ငါးနေရာ ''ကျော်ကြားလာသော ခရီးသွားနယ်မြေများ'' ကိုရွေးချယ်ရန် ဆန္ဒရှိကြမည်ဖြစ်ပေသည်။
ရွှေတိဂုံဘုရား
ရန်ကုန်မြို့တွင်လည်ပတ်ရန် အချိန်အနည်းငယ်ရရှိပါက ကမ္ဘာလှည့် ခရီးသွားအများစု အမြဲတမ်းဆိုသလို သွားရောက်လည်ပတ် သည့်နေရာမှာ ရွှေတိဂုံဘုရားဖြစ်သည်။ ရန်ကုန်မြို့တော်ရှိ ကောင်းကင်ယံကို နောက်ခံပြု လျက်တွေ့ရသော အဆောက်အအုံများ၏ အနားသတ်မျဉ်းအထက် ၉၉ မီတာထိုးထွက်နေသည့် ရွှေရောင်တောက်ပနေသော စေတီတော်နှင့် အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ရန် လက်မလွှတ်သင့်ပေ။ ရွှေတိဂုံဘုရားသည် အမြဲတမ်းဆိုသလို ဘုရားဖူး ဧည့်သည်များဖြင့် စည်ကားနေသော်လည်း ကြည်လင်အေးချမ်း ဆုံးအချိန်မှာ နံနက်စောစောနှင့် ညနေဆည်းဆာချိန် ဖြစ်သည်။
ပုဂံ
ပုဂံရှိကျော်ကြားသော ဂူဘုရားများအကြောင်း အနည်းငယ်မိတ်ဆက် ပေးရမည်ဖြစ်သည်။ ဗုဒ္ဒဘာသာဝင်တို့၏ ဂူဘုရား၊ စေတီနှင့် ဘုန်းကြီး ကျောင်း ၁ဝဝဝဝ ခန့်မှာ တောဓလေ့ကိုညွှန်းဆိုသည့် တောင်သူလယ် သမားများနှင့် ၄င်းတို့၏ ကျွဲအုပ်၊ နွားအုပ်များကို သရုပ်ဖော်နေသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ စိမ်းလန်းသောလယ်ကွင်းများ တစ်လျှောက် ပြန့်ကျဲတည်ရှိနေသည်။ ၉ ရာစုနှင့် ၁၃ ရာစုကြားတည်ထားခဲ့ သည့် ဂူဘုရားများ၏ အနုပညာလက်ရာကြွယ်ဝမှုက ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝတ်ဘုရားကျောင်းနှင့် တန်းတူပင်ဖြစ်သည်။ ပုဂံမှာဓာတ်ပုံရိုက် ရန် နေရာကောင်း တစ်ခုဖြစ်သောကြောင့် ဓာတ်ပုံကောင်းများ အနီး၊ အဝေးမှ ရိုက်ကူးဖန်တီးရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ ပုဂံအပူချိန်ကို အံတုနိုင်ပါက ဂူဘုရားများဝန်းကျင် သွားရောက်လည်ပတ်ရန် စက်ဘီး သို့မဟုတ် မြင်း လှည်းများ ငှားရမ်းနိုင်သည်။ ပုဂံ၏ နာမည်ကျော် ဆည်းဆာနေဝင်ချိန် အလှအား ဂူဘုရားတစ်ဆူမှ ခံစားရန်အခွင့်အရေးအား လက်လွှတ်မခံသင့် သလို ပုဂံမှာ ယွန်းထည်ပစ္စည်းနှင့် ပတ်သက်၍ ထင်ရှားသောကြောင့် သင်၏ ခရီးဆောင်အိတ် သို့မဟုတ် ကျောပိုးအိတ်တွင် အမှတ်တရပစ္စည်း တစ်ခုဝယ်ယူရန် နေရာရှိထားသင့်ပါသည်။
အင်းလေးကန်
လှပသောရေချိုကန်ကြီးတစ်ကန်ဖြစ်သည့် အင်းလေးကန်မှာ မြန်မာ နိုင်ငံ၏ ဒုတိယအကြီးဆုံးကန်ဖြစ်ပြီး လှပသောရှုမျှော် ခင်းများ၊ ရေပေါ် ပန်းဥယျာဉ်များနှင့်ရွာများ၊ တိုင်းရင်းသားလူမျိုးအသီးသီး၏ ထူးခြားသော ဒေသန္တရဈေးများနှင့် တံငါသည်များ ၏ ခြေထောက်ဖြင့်လှေလှော်သည့် ဓလေ့များကြောင့် ထင်ရှား ကျော်ကြားသည်။ အင်းလေးကန်အတွင်းရှိ ရက်ကန်းရက် လုပ်ခြင်း၊ ငွေပန်းထိမ်လုပ်ငန်း သို့မဟုတ် ဒေသခံများက သင့်အား လိုလိုချင်ချင်ဖြင့် သရုပ်ပြသပေး မည့် ဆေးလိပ်ခုံ ကဲ့သို့သော ဒေသန္တရ အသေးစားလုပ်ငန်းများရှိရာ အနီးအနား ကျေးရွာများသို့ လည် ပတ်ရန် စက်လှေများ ငှားရမ်းနိုင်သည်။ အင်းလေးကန်သို့ သွားရောက် သည့် လူကြိုက်များသောလမ်းကြောင်းတစ်ခုမှာ ကလောမြို့မှ တောင်များ ကိုဖြတ်ကျော်ကာ သွားရောက်ရသည့် သုံးရက်ကြာ တောင်တက်တောလမ်း ခရီးဖြစ်သည်။ သင်၏ခရီးစဉ်တွင် အချိန်ရပါက အင်းလေးကန်သည် တစ်ခါတစ်ရံ စိတ်လွတ်ကိုယ်လွတ် အေးချမ်းစွာအပန်းဖြေအနားယူရန် အလွန်ကောင်းမွန်သည့်နေရာ တစ်ခုဖြစ်သည်။
မန္တလေး
ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးမှာ မြောက်မြားလှစွာသော သမိုင်းဝင်နေရာများနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ် ကြွယ်ဝ သည့်မြို့တော် ဖြစ်သည်။ လည်ပတ်သင့်သည့် နေရာများတွင် နန်းတွင်း၊ မန္တလေးတောင်ပေါ်ရှိ သာသနိက အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများနှင့်စေတီများ ဗုဒ္ဓ စွယ်တော် စေတီတော်အပါအဝင်နှင့် ၁ ဒသမ၂ ကီလိုမီတာ ရှည်လျားသော ကျွန်းသစ်ဖြင့် ဆောက်လုပ် ထားသည့် အံ့သြဖွယ် ဦးပိန်တံတားတို့ ပါဝင်သည်။ အဆိုပါနေရာများအားလုံးသို့ သွားရောက်လည်ပတ်ရန် အချိန်ပေးရမည် ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်အနက် တစ်ယောက်မှာ ၂ဝ၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည့် မန္တလေးမြို့ရှိ ကျော်ကြားလှသော နှုတ်ခမ်းမွေးညီနောင် လူရွှင်တော်အဖွဲ့ထံ လည်ပတ်ရန်လည်း စိတ်ဝင်စားမည်ဖြစ်သည်။ မန္တလေး မြို့တော်တွင် ဈေးအများအပြားရှိရာ အထင်ရှားဆုံးဈေးမှာ ကျောက်မျက် ရတနာဈေးဖြစ်သည်။
ငပလီကမ်းခြေ
ပင်လယ်ကမ်းခြေနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှာ လူသိမများသော် လည်း ချမ်းမြေ့ဖွယ်ရာ သဲဖြူဖြူပိုင် ဆိုင်သည့် ငပလီကမ်းခြေမှာ လာရောက် လည်ပတ်သူများအတွက် ထူးခြားသောရသတစ်မျိုးကို ပေးစွမ်း နိုင်မည်ဖြစ် သည်။ ငပလီ ကမ်းခြေမှာ ထင်ပေါ်ကျော်ကြားမှု မြင့်မားလာသော်လည်း တံငါသည်များ၊ နွားလှည်းများနှင့် ဘန်ဂလိုများရှိရာ ကမ်းရိုးတန်းနယ်မြေ အချို့ကို တွေ့မြင်နေရဆဲဖြစ်သည်။ သင်သည် အထက်မှထင်ရှားသည့်နေရာများ လည်ပတ်ပြီးပါက ငပလီကမ်းခြေမှာ အပန်းဖြေရန် ကောင်းမွန်သည့်နေရာ တစ်ခုဖြစ်သည်။
မြိတ်ကျွန်းစု
မြိတ်ကျွန်းစုသည် အာရှတိုက်၏ နောက်ဆုံးကျန်ရှိသည့် မပျက်စီး သေးသော ကမ်းရိုးတန်းနယ်မြေများအနက် တစ်ခုဖြစ်ဖွယ်ရှိပြီး ၁၉၉ဝ ခုနှစ်နှောင်းပိုင်းအထိ နိုင်ငံခြားသားများ လာရောက်လည်ပတ်ခွင့် မရခဲ့သော ဒေသဖြစ်သည်။ မြိတ်ကျွန်းစုတွင် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ အနည်းငယ်သာရှိပြီး သင့်အား ခြေလျင်တောင်တက်ခရီးအပြင် ရေငုပ်ရန်၊ ငါးဖမ်းရန်၊ ငှက်များ စောင့်ကြည့်ရန်နှင့် ကယက်လှေလှော်ရန် စသည့် လုပ်ဆောင်မှုအစုစု ပြုလုပ်နိုင်သော သင်္ဘောခရီးစဉ်များဖြင့် လည်ပတ်နိုင် သည်။ နိုင်ငံခြားသားများအတွက် မော်လမြိုင်မြို့တောင်ဘက်မှ ကုန်းလမ်း ခရီးဖြင့် သွားရောက်ရန် မဖြစ်နိုင်သောကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် ကုန်းလမ်းခရီးဖြင့် ဝင်ရောက်ပါက ပိုမိုလွယ်ကူသည်။ ထားဝယ်၊ ကော့သောင်း နှင့် မြိတ်မြို့များမှာလည်း မြိတ်ကျွန်းစုသို့သွား ရောက်လည်ပတ်နိုင်သလို ရန်ကုန်မြို့မှ မြိတ်မြို့သို့လည်း လေကြောင်းခရီးဖြင့် သွားရောက်နိုင်သည်။
ဧရာဝတီမြစ်ကြောင်းခရီးစဉ်များ
ဧရာဝတီမြစ်မှာ အာရှတိုက်ရှိ အကြီးဆုံးမြစ်များအနက် တစ်စင်းအပါ အဝင်ဖြစ်သည်။ အင်ဒိုချိုင်းနားဒေသမှ မဲခေါင်မြစ် သို့မဟုတ် အိန္ဒိယနိုင်ငံမှ ဂင်္ဂါမြစ် သို့မဟုတ် တရုတ်နိုင်ငံမှ ယန်ဇီမြစ်ကဲ့သို့ သင်ထင်မြင် ယူဆသွားမည် ဖြစ်သည်။ ဧရာဝတီမြစ် မှာ မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး ကံကောင်းမှုတစ်ခုမှာ သင်သည် မြစ်ကြောင်းတစ်လျှောက် ဆိပ်ကမ်းစုံဆိုက် ရောက်သည့် ခရီးစဉ်များအတွက် လက်မှတ်များဝယ်ယူရရှိနိုင်သည်။ မန္တလေး မြောက်ဘက် ဗန်းမော်မှ ပုဂံတောင်ဘက် ပြည်မြို့အထိ ဧရာဝတီမြစ်ကြောင်း၌ ခရီးစဉ်တစ်ခု စီစဉ်နိုင်သော်လည်း လူကြိုက်အများဆုံး ခရီးလမ်းကြောင်း တစ်ခုမှာ မန္တလေးမှ ပုဂံသို့သွားရောက်သည့် တစ်နေ့တာခရီးစဉ်ဖြစ်သည်။ မြောက်ပိုင်းရှိ ဗန်းမော်သို့သွားရောက် သည့်ခရီးစဉ်တွင် ဂျော့စ်အော်ဝဲလ်က ''မြန်မာပြည်နေ့ရက်များ'' ဝတ္ထုအကြောင်း ရေးသားခဲ့သည့် ကသာမြို့တွင် ရပ်နားမည်ဖြစ်ပြီး ဗန်းမော်မြို့ဝန်းကျင်ရှိ ရွာများတွင်လည်ပတ်ခွင့်ရမည် ဖြစ်သည်။ အစားအသောက်များကို သင်္ဘောပေါ်တွင် စီစဉ်ထားပြီး ခရီးစဉ်တစ်လျှောက်ရှိရွာများတွင် သင်္ဘောများရပ်နားကြသည်။ သင်္ဘော ပေါ်ရှိအခန်းငယ်များ သို့မဟုတ် ကုန်းပတ်နေရာ များလည်း ရယူနိုင်ပြီး ဈေးနှုန်းများမှာ သက်သောင့်သက်သာရှိမှုအပေါ်မူတည်၍ သတ်မှတ်ထား သည်။ သင်သည်မန္တလေးမှ ဗန်းမော်အထိ ခရီးစဉ်တစ်ခုလုံး လိုက်ပါစီးနင်း ပါက နေ့ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး မြစ်အတွင်း နှောင့်နှေးကြန့်ကြာ မှုအချို့ ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
မော်လမြိုင်
ကျော်ကြားသော ခရီးသွားနယ်မြေများဖြစ်သည့် မန္တလေးနှင့် ပုဂံ တည်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းထက် တောင်ပိုင်းသို့ ကမ္ဘာလှည့်ခရီး သွားအနည်းငယ်သာ ဦးတည်သွားရောက်ကြသည်။ သို့သော် မြန်မာနိုင်ငံ တောင်ပိုင်းတွင် ကြည့်ရှုခံစားစရာ နေရာများစွာရှိသည့်အနက် မော်လမြိုင် မြို့လည်းပါဝင်သည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ လူကြိုက်အများဆုံးဖြစ် လာသည့် ခရီးသွားစဉ်တစ်ခုမှာ ခရီးလမ်းတစ်လျှောက် ရင်သပ်ရှုမောဖွယ် ရှုခင်းအလှအပများကိုခံစားနိုင်မည့် ဘားအံမြို့သို့ သွားရောက်သည့် သင်္ဘော စီးခရီးစဉ်ဖြစ်သည်။ အနီးအနားဝန်းကျင်၌ စူးစမ်းလေ့လာရန် ကျောက်ဂူများ၊ သဘာဝအလျောက် ဖြစ်ပေါ်နေသော ရေကန်တစ်ကန်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းတစ်ကျောင်းနှင့် စေတီအမျိုးမျိုး ရှိသောကြောင့် ဘားအံမြို့ကို မြန်မာနိုင်ငံရှိ ¤င်းတို့ကြိုက်နှစ်သက်သည့်နေရာများအနက် တစ်နေရာအဖြစ် ပါဝင်သတ်မှတ်ထားသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
သင်သည် မြစ်ကြောင်းစွန့်စားခရီးသွားရောက်ရန်အတွက် ဖော်ပြခဲ့ သည့် မြစ်ကြောင်းခရီးစဉ်များကို သဘောကျနှစ် သက်ပြီဆိုလျှင် ရန်ကုန်မြို့မှ မြစ်ဝကျွန်းပေါ်ဒေသရှိ ပုသိမ်မြို့သို့သွားရောက်သည့် သင်္ဘောခရီးစဉ်ကို လည်း နှစ်ခြိုက်မည်မှာမလွဲပေ။ ညအိပ်ညတာသွားရသော အဆိုပါခရီးစဉ်မှာ ရန်ကုန်မြို့မှ ညနေခင်းထွက်ခွာပြီး ပုသိမ်မြို့သို့ နောက်တစ်နေ့နံနက်တွင် ရောက်ရှိသည်။ သင်္ဘောပေါ်ရှိ အခန်းငယ်များ၊ ကုန်းပတ်နေရာများ သို့မဟုတ် ပက်လက်ကုလားထိုင်များကို သင်္ဘောပေါ်တွင် ရရှိနိုင်ပြီး ခရီး လမ်းတစ်လျှောက်၌ ဆိုက်ကပ်ရပ်နားမှုများလည်း ပါဝင်သည်။ ပုသိမ်မြို့မှာ ယင်းခရီးစဉ်တွင် နောက်ဆုံး ရပ်နားရာနေရာဖြစ်ပြီး စေတီပုထိုးများ၊ ဈေးများ ရှိရာ ချစ်စဖွယ် ကိုလိုနီခေတ်ပုံ စံမြို့တစ်မြို့ဖြစ်သည်။ ပုသိမ်ထီးမှာ အလွန် ကျော်ကြားလူကြိုက်များသော ဝယ်ယူချင်စရာဒေသထွက်ကုန်တစ်ခုဖြစ် သည်။ ထိုခရီးစဉ်ဖြင့်ပင် ချောင်းသာကမ်းခြေအထိ သွားရောက်နိုင်သည်။
ချောင်းသာကမ်းခြေ
သင်သည်ဖော်ပြခဲ့သည့် ငပလီကမ်းခြေသို့သွားရောက်ရန် အချိန်မရ ပါက ချောင်းသာသို့သွားရောက်ရန်မှာ ကောင်းမွန်သောရွေးချယ်မှုတစ် ခုဖြစ်ပြီး ရန်ကုန်မြို့မှ လေးနာရီခန့်အတွင်း ကားဖြင့်ရောက်ရှိနိုင်သည်။ ပုသိမ်မြို့မှ ချောင်းသာသို့ ဘတ်စ်ကားများ ပုံမှန်ပြေးဆွဲသကဲ့သို့ မြစ်ကြောင်း အတိုင်း ပုသိမ်မြို့အထိ သွားရောက်သည့် ခရီးစဉ်မှာလည်းကောင်းမွန်သော ခရီးစဉ်တစ်ခုဖြစ်သည်။ ချောင်းသာကမ်းခြေမှာ ကျေးရွာအငွေ့အသက် တစ်ရပ်ကို ထိန်းသိမ်းထားဆဲဖြစ်ပြီး အားလပ်ရက် အပျော်ခရီးထွက်ကြသော မြန်မာနိုင်ငံသားများအကြား ရေပန်းစားလျက်ရှိသည်။ သို့သော်လည်း သင့်အနေဖြင့် ယင်းနေရာမှ ၁ဝ ကီလိုမီတာအကွာအဝေးတွင် ဈေးကြီးသော အပန်းဖြေနေရာများဖြစ်သည့် အဆင့်မြင့်ငွေဆောင်ကမ်းခြေတွင် တည်းခိုနေ ထိုင်ရန် ပိုမိုနှစ်သက်မည်ဖြစ်သည်။ ထိုနေရာနှစ်ခုအကြား အကောင်းမွန် ဆုံးသော မော်တော်ဆိုင်ကယ်ခရီးစဉ်အတွက် ဆိုင်ကယ်မောင်းနှင်သူများအား တစ်နေ့တာအတွက် ငှားရမ်းနိုင်သည်။ ချောင်းသာကမ်းခြေမှာ အပန်းဖြေ အနားယူရန်၊ ရေကူးရန်၊ ကမ်းခြေ၌ပင်လယ်စာများ စားသောက်ရန်နှင့် နေဝင်ရီညနေဆည်းဆာချိန် အလှခံစားရန်အတွက် အလွန်ကောင်း မွန်သောနေရာတစ်ခုဖြစ်သည်။
Asiancorrespondent.com တွင်ဖော်ပြထားသည့် ဆောင်းပါးရှင် Jo Lane ၏ 10 places to visit in Myanmar’s banner year ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

No comments:

Post a Comment