Home

Wednesday, January 28, 2015

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းဝေးကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေးစိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းဝေးကို ယနေ့ မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများလည်း Video Conferencing စနစ်ဖြင့် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြို့ပြနှင့် ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ စီးပွာရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသိန်းအောင်နှင့် လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ပညာရပ်ဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်တို့က ကော်မတီအလိုက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်း ထားရှိမှု၊ ရွေးချယ်ဆောင်ရွက်မည့် ဆုအမျိုးအစား များသတ်မှတ်ထားရှိမှု၊ အမှတ်ပေးစည်းမျဉ်းများ သတ်မှတ် ထားရှိမှုနှင့် သတ်မှတ်ချက်များနှင့်ကိုက် ညီသူများအား ရွေးချယ်ထားရှိမှု၊ ကွင်းဆင်းစစ်ဆေး အကဲဖြတ် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း နှင့်ပတ်သက်၍ တိုင်းဒေသေကြီးနှင့် ပြည်နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင် သည့်အခြေအနေ၊ ဆုအမျိုး အစားအလိုက် ရွေးချယ်ထားရှိမှုများကို Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည်သုံးသပ် ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သတင်း ထုတ်ပြန်ရေး၊ ဆုတံဆိပ်ပြုလုပ်ရေး၊ ပို့ဆောင်ရေး၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက်၊ ဌာနအလိုက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ယခုနှစ်ကျင်းပမည့် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ပိုမိုကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာအောင် အားလုံးက တက်ညီ လက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။


No comments:

Post a Comment