Home

Thursday, January 29, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးတက်ရောက်




နေပြည်တော် ဇန်နဝါရီ ၂၉

စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြားသည်။


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင် “မဟာ မဲခေါင်ဒေသခွဲအတွင်း သဘာဝအရင်းအမြစ်များ သို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်မှာ ၂၀၁၁ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယ အကြိမ် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေး၌ မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများမှ အတည်ပြုခဲ့သည့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိစေသော/ လျော့နည်းစေသော အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်းများကို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရန်နှင့် မဟာမဲခေါင် ဒေသခွဲ နိုင်ငံများအတွင်း (Rio+20) ရီယိုညီလာခံအပြီး နှစ် ၂၀ အလွန်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

အဆိုပါအစည်းအဝေးတွင် အစိုးရဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် အစိုးရမဟုတ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဦးဆောင်သူများမှ သဘာဝ အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် အဖြေရှာဖွေ ထုတ်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖိုးတန် သဘာဝအရင်းအမြစ် များ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း စောင့်ရှောက်ထားခြင်းကြောင့် နေပြည်တော် အရှေ့ဘက်ခြမ်းဆီမှ မြင်တွေ့ရသည့် သာယာလှပသည့်တော တောင်တန်းများ မပြောင်းလဲဘဲ ရေရှည်ဆက်လက်တည်ရှိနေသည်ဖြစ်ပါကြောင်း။

ထို့ပြင် မဲခေါင်မြစ်စီးဆင်းရာ  ဒေသများအတွင်း မြန်မာနိုင်ငံသည် သဘာဝအရင်း အမြစ်များ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ အဆိုပါ သဘာဝအဖိုးတန် အရင်းအမြစ်များသည် ဂေဟစနစ် ဝန်ဆောင်မှုများဖြစ်သည့် အစားအစာ၊ ရေ၊ လူနေမှု ဘဝများ၊ ဆေးဘက်ဝင်အပင်များ၊ ဇီဝလောင်စာနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်မှုများနဲ့ ရာသီဥတု ပုံမှန်လည်ပတ်စေမှု အတွက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များသည် အကြောင်းအရင်း အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးလျက်ရှိပြီး အဆိုပါ စိန်ခေါ်မှုများသည် အကြီးစားဖွံ့ဖြိုးမှုစီမံကိန်းများ ဆောင်ရွက်ခြင်း၊ သဘာဝ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်ခြင်း၊ သစ်တော သယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ လူဦးရေအဆမတန် တိုးပွားလာခြင်း၊ သင့်တော်မှုမရှိသော ထုတ်လုပ်သုံးစွဲမှုပုံစံများ အသုံးပြုခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရေးနှင့် ပညာရေး ဆိုင်ရာ စွမ်းဆောင်ရည် နည်းပါးမှုတို့ကြောင့်ပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ ပုဂံမြို့သည် ၉ ရာစုနှင့် ၁၃ ရာစုအတွင်းက တည်ထောင်ခဲ့သည့် ရှေးကျသည့် ဘုရင့်နိုင်ငံတော်ဖြစ်ပါကြောင်း၊ ပုဂံမြို့သည် နေပြည်တော်၏ အနောက် မြောက်ဘက်တွင်တည်ရှိပြီး စေတီပုထိုးထောင်ပေါင်းများစွာ တည်ရှိပါကြောင်း၊ ဧရာဝတီမြစ်၏ အရှေ့ဘက်မြစ်ကမ်းနားမှာတည်ရှိပြီး ၁၆ စတုရန်းမိုင် ကျယ်ဝန်းပါ ကြောင်း၊ ပုဂံမြို့၏ အနောက်ဘက်၌ ရခိုင်ရိုးမတောင်တန်းများ ကာခြားထားမှုကြောင့် မုတ်သုန်မိုးရရှိမှုနည်းပါပြီး ခြောက်သွေ့ရခြင်း ဖြစ်ကြောင်းကို အခြေခံပညာကျောင်း များရှိ ပထဝီဝင်ဘာသာရပ်မှာ ထည့်သွင်း သင်ကြားခဲ့ ပါကြောင်း၊ ယခင်က ပုဂံမြို့ နှင့် ၎င်းအနီးပတ်ဝန်းကျင်မှာ စိုစွတ်သော ရာသီဥတုနှင့် မြေဩဇာကောင်းမွန်သော မြေဆီလွှာများရှိကြောင်း သမိုင်းသုတေသီများမှ လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ သို့ရာတွင် အလွန်အကျွံအုတ်ဖုတ်ခြင်းများကြောင့် ထင်းလောင်စာများစွာ လိုအပ်၍ ပုဂံဒေသအနီးရှိ သစ်တောများပြုန်းတီးခဲ့ရပါကြောင်း။

အကျိုးဆက်အနေဖြင့် မိုးရေရရှိမှုလျော့နည်းလာပြီး ခြောက်သွေ့ပူပြင်းလာပြီး ယနေ့အခါမှာ ပုဂံဒေသရှိ သစ်တောများနှင့် ကျားများပျောက်ကွယ်ခဲ့ရပါကြောင်း၊ ထို့ပြင် မိမိတို့မွေးဖွားခဲ့သည့် ရှမ်းပြည်နယ်တွင် သစ်တောများ လျော့နည်းလာခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်ရှိ ဒေသများတွင် ကျားများပျောက်ကွယ်လာမှုသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ပျောက်ကွယ်လာခြင်းကို ညွှန်ပြနေပါကြောင်း။

ယနေ့ခေတ်တွင် သဘာသယံဇာတ အရင်းအမြစ်များ/ သဘာဝသယံဇာတများ ပျက်စီး ပျောက်ကွယ်နေသည့် နေရာများစွာရှိနေပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများတွင် ပျက်စီးမှုများ ပိုမိုဖြစ်ပေါ် နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အနေအထားအရ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိပါကြောင်း။
သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကို ပိုမိုကောင်းမွန်သည့် စီမံအုပ်ချုပ်မှု၊ ထိန်းသိမ်းကာကွယ်မှုများဖြင့် ဒေသခံအဖွဲ့အစည်းများအားလုံးက ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန် ထုတ်လုပ်မှုလျှော့ချခြင်း( REDD+) အပါအဝင် ဂေဟစနစ်၏ ထောက်ပံ့ပေးခြင်းများကို စဉ်ဆက်မပြတ်ထောက်ပံ့ရန်၊ ကာဗွန် ဈေးကွက်များ ထိန်းသိမ်းရန်နှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ ထိပ်သီးအစည်းအဝေး၌ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများသည် သယံဇာတ အရင်းအမြစ် များ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ လူသားအရင်း အမြစ်ဆိုင်ရာ အရင်းအမြစ်ကို ရရှိစေခြင်းစသည့် အချက်များပါဝင်သည့် မဟာမဲခေါင် ဒေသခွဲနိုင်ငံများ၏ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မူဘောင်အကောင်အထည်ဖော်မှု အစီအစဉ် (၂၀၁၄-၂၀၁၈) Regional Investment Framework− RIF Implementation Plan 2014-2018) ကို အလေးထားညှိနှိုင်း ဆွေးနွေးခဲ့ပါကြောင်း။

မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် အကောင် အထည်ဖော်မှုအစီအစဉ်များတွင် ကောင်းမွန်သော ဆက်သွယ်မှု၊ ယှဉ်ပြိုင်မှုများနှင့် ကျန်းမာရေး၊ ပညာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် သင့်လျော်သော နည်းလမ်းများ ပါဝင်ပါကြောင်း၊ သဘာဝအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှု အကျိုးရှိစေရေး အတွက် ပြည်သူလူထူအား အသိပညာပေးရန်နှင့် မူဝါဒဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးရန်အပြင် ပုဂ္ဂလိကဆိုင်ရာ ပြည်သူလူထုပူးပေါင်းပါဝင်မှု အစီအစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ အရည်အသွေးများ ပိုမိုကြံ့ခိုင်လာစေရေး အတွက်လည်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများအကြား ကြိုးပမ်းအားထုတ်မှုများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ အထောက်အပံ့ ပေးမှုများကြောင့် အခြေခံအချက်များ ချိတ်ဆက်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများ၏ ဝေးလံခေါင်ဖျားသော အရပ်ဒေသများ၌ ဆက်သွယ်မှုကောင်းမွန်စေရန် ဆက်လက်လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပိုမိုကြိုးပမ်းဆောင်ရွက်ရန် ကျန်ရှိနေဆဲဖြစ်ပါကြောင်း။

ထို့ပြင် ရာသီဥတုနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအား ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ အစားအစာ၊ စွမ်းအင်နှင့် ရေလုံလောက်စွာရရှိနိုင်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုစသည့် ကိစ္စရပ် များ၌ စွမ်းဆောင်ရည်မြင့်မားရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှု များကို အတူတကွပူးပေါင်းလုပ်ဆောင် သွားကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် James Nugent က အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ်မြောက် မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေး၌ ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များသည် ဒေသတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ ထို့ပြင် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို ၂၀၁၄-၂၀၁၈ ကာလသတ်မှတ်ချက် ထား၍ အမြင့်ဆုံးလုပ်ဆောင်သွားကြရန်နှင့် မဟာ မဲခေါင်ဒေသခွဲနိုင်ငံများရှိ ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖွံ့ဖြိုးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားကြရန် ဆွေးနွေးခဲ့ကြ ပါကြောင်း၊ ထို့ပြင် ဒေသတွင်း တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများ ကိုလည်း အတူတကွ ဖြေရှင်းသွားကြဆွေးနွေးခဲ့ကြပါကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးတွင် တက်ရောက်လာကြသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပဉ္စမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သည် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ် တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကော်မတီ ဥက္ကဋ္ဌဦးလွန်းသီ၊ အမျိုးသား လွှတ်တော်သတ္တုနှင့် သယံဇာတရေးရာကော်မတီ ဥက္ကဋ္ဌဦးလှဆွေ၊ မဟာမဲခေါင်ဒေသ ခွဲနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုး ရေးဘဏ်မှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဖွံ့ဖြိုးမိတ်ဖက် နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment