Home

Wednesday, January 28, 2015

စာဖတ်/စာငှားများအဆင်ပြေစွာ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် “မိတ်ဆွေကောင်း” စာကြည့်တိုက် အဆောက်အဦ တိုးချဲ့ဆောက်လုပ်

နေပြည်တော်၊ ဇန်နဝါရီ -၂၈
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ စက်ကုန်း ကျေးရွာရှိ “မိတ်ဆွေကောင်း” ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကို ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့တွင် သုတ၊ ရသ စာအုပ်စာစောင်(၃၀၀၀)ကျော်ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ကျေးရွာစာကြည့်တိုက် ကော်မတီ၊ စာကြည့်တိုက်မှူးနှင့် ရပ်မိရပ်ဖများ၏ ကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် သုတ၊ရသ စာအုပ်ပေါင်း(၁)သောင်းကျော်ရှိလာခဲ့ပြီး စက်ကုန်းကျေးရွာနေပြည်သူများ သာမက အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် အေးမြင့်သာယာ၊ ချောင်းစောက်၊ ရွာသစ်၊ သရက်သမိန်နှင့် ကြံဖိုစုကျေးရွာများမှ စာပေဝါသနာရှင် များ၏ အားကိုးအားထားပြုရသည့် စာကြည့်တိုက်အဖြစ် ရှင်သန် အောင်မြင်နေခဲ့ပြီဖြစ်ပါသည်။




စာကြည့်တိုက်တွင် လစဉ်စာအုပ်အလှူရှင်များ၊ အပတ်စဉ် ဂျာနယ်အလှူရှင်များလည်း အခိုင်အမာ ရှိနေပြီဖြစ်ရာ တိုးပွားလာသည့် စာအုပ်စာစောင်များနှင့် စာဖတ်/စာငှားများ အဆင်ပြေစွာ စာပေဖတ်ရှု လေ့လာနိုင်ရန်အတွက် ယခင် အလျား(၂၇)ပေ၊အနံ(၁၈)ပေရှိ သွပ်မိုး၊ အုတ်ကာ တစ်ထပ် အဆောက်အဦကို နေပြည်တော် ပျဉ်းမနားမြို့မှ လှူရှင် ဦးကြည်စိုး+ဒေါ်ရတနာဝင်း မိသားစုမှ အလျားပေ(၄၀)၊ အနံပေ (၃၀)ကျယ်ဝန်းသည့် အဆောက်အဦ အဖြစ် ထပ်မံတိုးချဲ့ ဆောက်လုပ်နေမှု အခြေအနေများအား နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးတို့က ဇန်နဝါရီ(၂၇)ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် “မိတ်ဆွေကောင်း” စာကြည့်တိုက်တွင် ကျေးလက်နေပြည်သူများ စာပေဗဟုသုတများ တိုးပွားရရှိစေရေး အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေ၏အကျိုးကျေးဇူးများနှင့် ကျေးရွာစာကြည့်တိုက်၏ အရေးပါပုံများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားကြပြီး ဆုရရှိ သူများအား ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment