Home

Thursday, August 13, 2026

“မသန်စွမ်း” ဟုသာ သုံးနှုန်းပါ

 


ဆက်လက်ဝဲ (MDevS)

ဤဆောင်းပါးသည် ဝေါဟာရစစ်ပွဲတစ်ခု မဟုတ်ပါ။ စကားလုံးများ နောက်ကွယ်မှ ပစ်ပယ်ခံထားရသော နှလုံးသားများ၊ ရိုက်ချိုးခံထားရသော အိပ်မက်များနှင့် လူသားတစ်ဦး၏ မွေးရာပါဂုဏ်သိက္ခာကို ပြန်လည်တောင်းဆိုခြင်းသာ ဖြစ်ပါသည်။

စကားလုံးတစ်လုံး၏ သတ်ဖြတ်နိုင်စွမ်း

ဓားတစ်လက်က လူတစ်ဦး၏ အသားအရေကိုသာ သွေးထွက်သံယို ဖြစ်စေနိုင်သော်လည်း စကားလုံးတစ်လုံးက လူတစ်ဦး၏ ဝိညာဉ်၊ ရှင်သန်လိုစိတ်နှင့် အနာဂတ်အိပ်မက်များကို အစအနမကျန် အမှောင်ချပစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ်ဘဝတွင် မရည်ရွယ်ပါဘဲ အလွယ်တကူသုံးနှုန်းလိုက်သည့် စကားလုံးတစ်ခုချင်းစီ၏ နောက်ကွယ်၌ တစ်ဖက်သားကို မြှင့်တင်ပေးနိုင်သည့် အသက်သို့မဟုတ် အရှင်လတ်လတ်သတ်ပစ်နိုင်သည့် အဆိပ်အတောက်များ ကိန်းအောင်းနေတတ်ပါသည်။

မြန်မာလူ့အဖွဲ့အစည်းတွင် ရှေးယခင်ကတည်းက ကပ်ပါလာခဲ့သည့် “မသန်မစွမ်း” ဟူသော စကားလုံးသည် ချို့ယွင်းချက်ရှိသူတစ်ဦးကို “ခန္ဓာကိုယ်လည်းမကောင်း၊ ဘာမျှလည်း မစွမ်းဆောင်နိုင်တော့သူ”ဟု လူမှုရေးသေဒဏ်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ ခေတ်သစ်လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားသည့် “မသန်စွမ်း” ဟူသော ဝေါဟာရသည် “ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ မသန်သော်လည်း ကျန်ရှိသည့် စွမ်းရည်များဖြင့် လောကကြီးကို အကျိုးပြုနိုင်သူ” ဟု ရှင်သန်ခြင်းသက်စောင့်ရေကို လောင်းပေးခြင်းဖြစ်ပါသည်။

စာနာမှု ရှုထောင့်

မသန်စွမ်းသူတစ်ဦးကို မြင်လိုက်ရလျှင် သာမန်အားဖြင့် ပထမဆုံးတုံ့ပြန်မှုမှာ “သနားစရာပဲ” ဟူသော ညည်းတွားသံဖြစ်သည်။ ထိုသနားခြင်း သည် စေတနာအရင်းခံသည်ဟု ထင်ရသော်လည်း ယင်းနောက်ကွယ်တွင် ကြီးမားသော အနုတ်လက္ခဏာဆောင်သည့်အမြင်များ ကပ်ပါလာတတ်ပါသည်။ ၎င်းတို့ကို “မသန်မစွမ်း”ဟု တံဆိပ်ကပ်လိုက်ခြင်းသည် ထိုသူ၏ ရှင်သန်လိုစိတ်ကို အရှင်လတ်လတ်သတ်ပစ်လိုက်ခြင်းနှင့် တူပါသည်။

မျက်စိမမြင်ရသော ကလေးငယ်တစ်ဦးသည် စာအုပ်များကို ထိတွေ့ပြီး ကမ္ဘာကြီးကို လေ့လာချင်ရှာပါမည်။ သို့သော် ပတ်ဝန်းကျင်က “သူကမသန်မစွမ်းလေးပါ၊ ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး” ဟု ကရုဏာအမှားဖြင့် ဆုံးဖြတ်လိုက်သောအခါ ထိုကလေးငယ်၏ ကမ္ဘာသည် လုံးဝမှောင်အတိကျသွားရရှာတော့သည်။ ဘီးတပ်ကုလားထိုင်စီးရသော လူငယ်တစ်ဦးသည် ရုံးခန်းတစ်ခုတွင် ကွန်ပျူတာဖြင့် အလုပ်လုပ်နိုင်စွမ်းရှိသော်လည်း “မသန်မစွမ်းတွေကို ငါတို့အလုပ်မပေးနိုင်ဘူး” ဟူသော စကားတစ်ခွန်းကြောင့် ၎င်း၏တန်ဖိုးသည် သုညဖြစ်သွားရရှာပါသည်။

ထို့ကြောင့် သနားခြင်းသည် ကူညီရာမရောက်ဘဲ လူညွန့်တုံးစေသည့် လက်နက်တစ်ခု ဖြစ်သွားတတ်ပါသည်။ ၎င်းတို့လိုအပ်သည်မှာ သနားကရုဏာမဟုတ်ဘဲ အခွင့်အရေးနှင့် အသိအမှတ်ပြုမှုသာဖြစ်ပါသည်။ “မသန်စွမ်း” ဟု သုံးနှုန်းခြင်းသည် “သူ၏ ခန္ဓာကိုယ်သည် ပုံမှန်အတိုင်းမသန်သော်လည်း၊ သူ၏စိတ်ဓာတ်၊ သူ၏အသိဉာဏ်နှင့် သူ၏ဘဝသည်လောကကြီးကို အကျိုးပြုရန် စွမ်းဆောင်နိုင်ဆဲဖြစ်သည်” ဟူသော မျှော်လင့်ချက်မီးအိမ်ကို ထွန်းညှိပေးခြင်းပင်ဖြစ်ပါသည်။

ခန္ဓာကိုယ်တွင် အစိတ်အပိုင်းအချို့ ချို့ယွင်းနေခြင်းသည် “မသန်” ခြင်းသာဖြစ်သည်။ ၎င်းတို့တွင် လောကကြီးကို အကျိုးပြုနိုင်သည့် အသိဉာဏ်၊ စွမ်းရည်နှင့် ကိုယ်ကျင့်တရားများ “စွမ်း” နိုင်သေးသည်ဟု မြင်သင့်ပါသည်။ ၎င်းတို့ကို “မသန်မစွမ်း” ဟု သတ်မှတ်မည်ဆိုပါက ကံတရားကို အကြောင်းပြကာ လူသားတစ်ဦး၏ လက်ရှိကြိုးစားအားထုတ်မှု (ဝီရိယကံ) နှင့် စွမ်းဆောင်ရည်ကို ပိတ်ပင်ရာ ရောက်နိုင်ပါသည်။

ဘာသာရေး၏ အနှစ်သာရဖြစ်သော ကရုဏာတရားသည် သနားစော်ကားခြင်းမဟုတ်ဘဲ တစ်ဖက်သား၏ တန်ဖိုးကိုမြှင့်တင်ပေးခြင်းဖြစ်ရပါမည်။ ထို့ကြောင့် ၎င်းတို့တွင်ရှိသော စွမ်းရည်များကို အသိအမှတ်ပြုသည့်အနေဖြင့် “မသန်သော်လည်း စွမ်းသည်” ဟူသော အဓိပ္ပာယ်ဆောင်သည့် “မသန်စွမ်း” ဟူသော စကားလုံးကသာ ဘာသာရေး၏ မေတ္တာ၊ ကရုဏာတရားနှင့် ကိုက်ညီမှုရှိ၍ အလေးအနက်ထား သုံးစွဲသင့်ပါသည်။

လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးတန်းတူညီမျှမှု

လူ့အခွင့်အရေးရှုထောင့်အရ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CRPD) ကို အတည်ပြုပြဋ္ဌာန်းထားပါသည်။ ဤစာချုပ်၏ အခြေခံမူမှာ “လူသားအားလုံးသည် မွေးရာပါဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူညီမျှရှိသည်” ဟူသောအချက် ဖြစ်ပါသည်။

မသန်မစွမ်း” ဟူသော စကားလုံးသည် လူတစ်ဦးကို စာနာမှုခံယူရမည့် “ပရဟိတအရာဝတ္ထု (Charity Object)” အဖြစ်သာမြင်စေပြီး လူ့အဖွဲ့အစည်း၏ ဝန်ထုပ်ဝန်ပိုးအဖြစ် သတ်မှတ်ရာရောက်ပါသည်။ အသုံးအနှုန်းကြောင့် ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုကို ဦးတည်သွားနိုင်ပါသည်။ အခြားတစ်ဖက်တွင်မူ “မသန်စွမ်း” ဟူသော အသုံးအနှုန်းသည် “လူကိုရှေ့တန်းတင်သည့် ဘာသာစကား (Person-First Language)” ဖြစ်ပါသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ပထမဦးစွာ “လူသား” ဖြစ်ပြီး ထို့နောက်မှ အခြေအနေတစ်ခုကြောင့် မသန်စွမ်းမှုရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင်လည်း “မသန်မစွမ်း” ဟူသော စကားလုံးကို လုံးဝသုံးစွဲခြင်းမပြုဘဲ “မသန်စွမ်း” ဟုသာ အသုံးပြုထားပါသည်။ မသန်စွမ်းသူတို့သည် လူသားဖြစ်၍ လူသားတစ်ဦး၏ အခွင့်အရေးကို အသိအမှတ်ပြုကာ အသုံးပြုမြှင့်တင်ပေးခြင်းဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကတစ်ဆင့် လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှုများကို ဆောင်ရွက် လျက်ရှိပါသည်။ အမျိုးသားကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးတွင် “မသန်စွမ်းဟူသည့် အသုံးအနှုန်းကို အလေးထားသုံးစွဲစေရေးညှိနှိုင်းအကြောင်းကြားရန်နှင့် ကဏ္ဍအလိုက်အသိပေးရန်” ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်ဌာနများအား အကောင်အထည်ဖော်စေလျက်ရှိပါသည်။

မသန်စွမ်းသူများကို “မသန်မစွမ်း” ဟု တံဆိပ်ကပ်ပြီး ဘာမျှမလုပ်နိုင်သူများ၊ ပရဟိတအကူအညီဖြင့်သာ ရှင်သန်ရမည့်သူများဟု ထင်မြင်ယူဆချက်များကို ဖယ်ရှားပေးနိုင်သည့် သက်သေပြစရာ လူပုဂ္ဂိုလ်များစွာရှိပါသည်။ ထိုပုဂ္ဂိုလ်များတွင် ထိပ်တန်းနိုင်ငံ့ဝန်ထမ်းကောင်းကြီးများနှင့် အရာရှိကြီးများ ပါဝင်ပါသည်။

နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင်သာမက ပြိုင်ဆိုင်မှုပြင်းထန်ပြီး အမြဲတမ်းလှုပ်ရှားရုန်းကန်နေရသည့် ပုဂ္ဂလိကစီးပွားရေးလောကတွင်လည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကန့်အသတ်များကို အသိဉာဏ်၊ ဝီရိယတို့ဖြင့် ကျော်လွှားကာ ကုမ္ပဏီကြီးများကို ထိပ်တန်းမှ ဦးဆောင်မောင်းနှင်ခဲ့ကြသည့် မသန်စွမ်းခေါင်းဆောင်များလည်းရှိပါသည်။ ထို့ပြင် အခြေခံလူတန်းစားကဏ္ဍများတွင်လည်း မိမိတို့၏ ပါရမီကိုအသုံးချကာ ကိုယ်တိုင်ရပ်တည်ရုံမျှမက အခြားသူများကိုပါ ကူညီနေသည့် စံနမူနာပြ မသန်စွမ်းသူများစွာရှိပါသည်။

နှိုင်းယှဉ်ချက်ဇယား

မသန်မစွမ်း” နှင့် “မသန်စွမ်း” စကားလုံးနှစ်လုံး၏ အကျိုးသက်ရောက်မှုကို အောက်ဖော်ပြပါဇယားဖြင့် နှိုင်းယှဉ်ဖော်ပြလိုပါသည်-


လူ့အဖွဲ့အစည်းသို့ သတင်းစကား

ကျွန်ုပ်တို့သည် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်း (Inclusive Society) တစ်ခုကို တည်ဆောက်လိုကြပါသည်။ ထို့ကြောင့် အားလုံးပါဝင်မှုကို ထိခိုက်စေနိုင်သည့် နေ့စဉ်သုံးစကားလုံးများ၊ မြင်ရန်ခက်ခဲသော ခွဲခြားဆက်ဆံမှုများကို သတိထားကာ ဖယ်ရှားကြပါမည်။ “မသန်စွမ်း” ဟု သုံးနှုန်းခြင်းသည် မသန်စွမ်းသူတို့၏ နာကျင်မှုကို စာနာနားလည်ပြီး မိမိ၏အပြုအမူနှင့် အပြောအဆိုကို ပြုပြင်ခြင်းပင်ဖြစ်ပါသည်။

လူမှုကွန်ရက်စာမျက်နှာများ၊ ရုပ်မြင်သံကြားအစီအစဉ်များနှင့် သတင်းမီဒီယာများတွင် “မသန်မစွမ်း” ဟူသော စကားလုံးကို သတိမဲ့စွာ ဆက်လက်သုံးစွဲမိပါက အနာဂတ်မျိုးဆက်သစ်များနှင့် လူ့အသိုင်းအဝိုင်းသို့ မသင့်တော်သော အသုံးအနှုန်းများကို လက်ဆင့်ကမ်းသလို ဖြစ်နိုင်ပါသည်။ မိဘများသည် မိမိတို့၏ သားသမီးများကို “မသန်စွမ်း” သူများအား လှောင်ပြောင်ခြင်းမပြုရန်၊ ၎င်းတို့သည် မိမိတို့ကဲ့သို့ တန်းတူရည်တူ အခွင့်အရေးရှိသူများဖြစ်ကြောင်း ငယ်စဉ်ကပင် သွန်သင်ပေးသင့်ပါသည်။

လုပ်ငန်းခွင်များ၌လည်း မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုမရှိဘဲ အလုပ်အကိုင်ခန့်အပ်ရန်နှင့် သင့်လျော်သော အသုံးအနှုန်းများ သုံးစွဲရန်လည်း တိုက်တွန်းလိုပါသည်။ မသန်စွမ်းသူများ အခွင့်အရေးဥပဒေ (၂၀၁၅) တွင် အလုပ်အကိုင်အမျိုးအစားအလိုက် အလုပ်လုပ်နိုင်စွမ်းရှိသော မသန်စွမ်းသူများကို သင့်လျော်သောအလုပ်တွင် သတ်မှတ်ထားသော ဝေပုံကျနှုန်းထားအရေအတွက်အတိုင်း ခန့်ထားရန် ပြဋ္ဌာန်းထားပြီးဖြစ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက ဝေပုံကျနှုန်းထားကို သတ်မှတ်ပေးနိုင်ရေး သက်ဆိုင်သူများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။

အနာဂတ်အတွက် ပန်းတိုင်တစ်ခု

ခြုံငုံသုံးသပ်ရသော် “မသန်မစွမ်း” ဟူသော စကားလုံးသည် လူတစ်ဦးအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာအရ အဆင့်အတန်းခွဲခြားနှိမ့်ချရာ ရောက်ရုံမျှမက ၎င်းတို့၏ ရှင်သန်မှု၊ မျှော်လင့်ချက်နှင့် ကြိုးစားလိုစိတ်ကိုပါ ရိုက်ချိုးရာရောက်ပါသည်။ စကားလုံးတစ်လုံးကို ပြောင်းလဲလိုက်ရုံဖြင့် လောကကြီးတစ်ခုလုံး ချက်ချင်းပြောင်းလဲမသွားနိုင်သော်လည်း ထိုပြောင်းလဲမှုသည် မသန်စွမ်းသူများအတွက် ၎င်းတို့၏ ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ရန် ကြီးမားသော ခွန်အားတစ်ခုဖြစ်စေပါသည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီစံနှုန်းများ၊ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ အားလုံးပါဝင်နိုင်သော ပတ်ဝန်းကျင်တစ်ခုအဖြစ် တည်ဆောက်လိုလျှင် စကားလုံးအသုံးအနှုန်းမှစတင်၍ ပြုပြင်ရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ စာပေ၊ ရုပ်ရှင်၊ သဘင်အနုပညာနယ်ပယ်များ၊ မီဒီယာများနှင့် နေ့စဉ်လူမှုဘဝပြောဆိုဆက်ဆံမှုများတွင် “မသန်မစွမ်း” ဟူသော စကားလုံးကို အပြီးတိုင်စွန့်ပယ်ကြရန် တိုက်တွန်းပါသည်။ လူ့ဂုဏ်သိက္ခာနှင့် စွမ်းရည်ကို တန်ဖိုးထားသည့် “မသန်စွမ်း” ဟူသော ဝေါဟာရကို ပြောင်းလဲ၍ သုံးနှုန်းကြပါရန် စာနာမှုအပြည့်ဖြင့် နှိုးဆော်လိုပါသည်။ မသန်စွမ်းသူတို့၏ ချို့ယွင်းချက်ကို မကြည့်ပါနှင့်၊ သူတို့၏ နှလုံးသားနှင့် စွမ်းရည်ကိုသာကြည့်ရှုအသိအမှတ်ပြုပေးကြပါ။

ကိုးကား

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)။ အခန်း (၁)၊ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်။

United Nations. (2006). Convention on the Rights of Persons with Disabilities (CRPD). Preamble and Article 1.

No comments:

Post a Comment