နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားခြင်းကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ကြသည်။
အစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင်
သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့
ယခင်သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့်
နိုင်ငံများကို တစ်ဦးချင်းစီမိတ်ဆက်တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ စေလွှတ်ရာတွင်
သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ ရွေးချယ်စေလွှတ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စားပြုသည့်အတွက်
စောင့်ထိန်းရမည့် ကျင့်ဝတ်များကို အလေးထားလိုက်နာစေလိုကြောင်း၊
မိမိသွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုများကိုလည်း
အလေးထားရမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်ကို ပိုမိုကောင်းမွန်အောင် အစဉ်အမြဲကြိုးစားကြရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာကောင်းမွန်အောင်နေထိုင်ပြီး
စိတ်ကျန်းမာရေးကောင်းမွန်မှသာလျှင် လုပ်ငန်းအောင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
ဝန်ထမ်းများအနေဖြင့်လည်း မိမိကိုယ်ကိုသစ္စာရှိခြင်းသည် နိုင်ငံတော်အပေါ်
သစ္စာရှိခြင်းဖြစ်ပါကြောင်း၊ မိမိ၏ပြုမူနေထိုင်မှုများကို ချင့်ချိန်သုံးသပ်၍ လုပ်သင့်လုပ်ထိုက်သည်ကိုသာ
လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိ၏အပြုအမူ၊ အနေအထိုင်၊ အသွားအလာများသည်
နိုင်ငံတော်ကို ကိုယ်စားပြုသည့်အတွက် မိမိကိုယ်ကိုတန်ဖိုးထားတတ်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို
ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို
အခွင့်အရေးအဖြစ်ပြောင်းလဲပြီး အကောင်းဆုံးကြိုးစားဖြတ်ကျော်ကြရမည်ဖြစ်ပါကြောင်း၊
လုပ်ဖော်ကိုင်ဖက်အချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံးဘာသာစကားတစ်မျိုး တတ်မြောက်ထားရမည်ဖြစ်ပြီး
သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာစကားကိုလည်း မရှက်မကြောက် တတ်နိုင်သမျှကြိုးစားလေ့လာသင်ယူစေလိုပါကြောင်း၊
မိမိအတွက်သာမက မိမိ၏သားသမီးများကိုလည်း ဘာသာစကားတတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊
မိမိတို့၏ သံတမန်ဝန်ထမ်းများအား ပြည်ပတွင် အခြားနိုင်ငံများနည်းတူ Facility အပြည့်ထားရှိပေးပါကြောင်း၊
သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး(Diplomatic Characteristic)များကို မြင့်မားအောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ သံတမန်တစ်ဦး၏
အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊
သံတမန်များအနေဖြင့် Communication Skill ၊ Language
Skill၊ Negotiation Skill အရည်အသွေးများကို
အစဉ်လေ့လာဆည်းပူး၍ မြှင့်တင်စေလိုပါကြောင်း၊ မိမိ၏ ကိုယ်ကျိုးစီးပွားနှင့်
လွတ်လပ်မှုအတွက် မိမိ၏နိုင်ငံ၊ မိမိ၏ဌာနနှင့် သူတစ်ပါး၏အခွင့်အလမ်းကို မထိခိုက်စေဘဲ
ဆင်ခြင်တုံတရားဖြင့် ချင့်ချိန်သုံးသပ်နေထိုင်သွားစေလိုပါကြောင်း၊ ပြည်ပတွင် မိမိနှင့်
နိုင်ငံရေးအမြင်မတူသူများအား ပြောဆိုဆက်ဆံရာတွင် မိမိအနေဖြင့် သဘောထားတင်းမာမှုမရှိဘဲ
မှန်ကန်သောအမြင်၊ ကောင်းမွန်သောအခြေအနေသို့ ရောက်ရှိအောင် ပြုမူပြောဆိုဆောင်ရွက်စေလိုပါကြောင်း။
မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီအနေအထားများကို
မှန်မှန်ကန်ကန်သိရှိရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊
နိုင်ငံတကာနှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်
မှာကြားလိုပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း
စည်းလုံးညီညွတ်မှုရှိခြင်းသည် National Characteristic ကိုလည်း မြှင့်တင်ရာ ရောက်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ကို ကိုယ်စားပြုပြီး
သွားရောက်တာဝန်ထမ်းဆောင်ခြင်းဖြစ်၍ မိမိကိုယ်ကိုနှင့် နိုင်ငံတော်အပေါ်
သစ္စာရှိရန် အလေးအနက်မှာကြားလိုပါကြောင်း၊ ဂုဏ်သိက္ခာရှိသူဖြစ်စေရန်
အမှားအယွင်းမရှိအောင် နေထိုင်သွားစေလိုပါကြောင်း၊ စိန်ခေါ်မှုများကို သင်ခန်းစာယူ၍
မိမိတို့၏ အတွေ့အကြုံများဖြင့် အကျိုးရှိအောင် အသုံးချစေလိုပါကြောင်း၊ သင်ယူလေ့လာမှုကို
စဉ်ဆက်မပြတ်ကြိုးစားစေလိုကြောင်း၊ ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွတ်မှုရှိရန်နှင့်
ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်
နိုင်ငံတာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့်
ကြီးပွားတိုးတက်အောင်မြင်စေလိုကြောင်း ဆုတောင်းစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment