နေပြည်တော် ဩဂုတ် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် နတ်မသောက်ချောင်း တံတားအရှည် ၂၅ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၁၂ ပေ နှင့် တောင်ပို့သာကျေးရွာနှင့် အုန်းပင်ကျေးရွာကြားရှိ ဘေလီတံတား (ယာယီ) အရှည် ပေ ၁၃၀၊ အကျယ် ၁၂ ပေ တံတားပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ထိုမှတစ်ဆင့်
ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ ကိုးခမ်းကြီးဘုန်းကြီးကျောင်း ရေဘေးရှောင်စုရပ်သို့
သွားရောက်၍ ဆန်ရိက္ခာဖိုး၊ စောင်နှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ပြီး
ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ဒုံရီ (မြန်မာ) ကုမ္ပဏီက လှူဒါန်းသော ငလျင်ဘေးသင့်ပြည်သူများအတွက်
အလှူငွေကျပ်သိန်း ၃၆၀ ကို လက်ခံရယူပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊
နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်
ဂိုဏ်းထောက်ဘုန်းကြီးကျောင်း ရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား
ဆန်ရိက္ခာဖိုး၊ စောင်၊ ရေသန့်၊ ကြက်ဥအစရှိသည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကြပြီး
ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်သည်။
ဆက်လက်၍
လယ်ဝေးမြို့နယ် ပိတောက်ချောင်ဘုန်းကြီးကျောင်း ရေဘေးရှောင်စခန်းသို့ ဆက်လက်သွားရောက်ကာ
ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုး၊ စောင်၊ ရေသန့်၊ ကြက်ဥ အစရှိသည့် စားသောက်ဖွယ်ရာများကို
ထောက်ပံ့ပေးအပ်ပြီး ကျေးရွာများအလိုက် ရေဝင်ရောက်မှုအခြေအနေများ၊ ရပ်ကွက်ကျေးရွာများ၏
သန့်ရှင်းသာယာလှပရေးနှင့် တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာလိုက်နာ ဆောင်ရွက်ရန်များကို
မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးသည်။
ယင်းနောက်
ပျဉ်းမနားမြို့ အုန်းတောဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စုရပ်သို့ ရောက်ရှိကာ
စောင်၊ ဆန်ရိက္ခာ၊ ခေါက်ဆွဲခြောက်၊ သောက်သုံးရေသန့်များကို
ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပြီး အားပေးစကားပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း
လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေမှ
ငွေကျပ် ၃၄၄ သိန်းကျော်တန်ဖိုးရှိ စောင်၊ ဆန်ရိက္ခာ၊ ခေါက်ဆွဲခြောက်၊
သောက်သုံးရေသန့်၊ မိုးကာလိပ်အစရှိသည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးထားသည့်အပြင်
လိုအပ်သည်များကို ဆက်လက်ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နေပြည်တော်ကောင်စီ
သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့်လည်း ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်စားသောက်ရေး၊
ကျန်းမာရေးအစရှိသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment