နေပြည်တော် ဧပြီ ၁၄
၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲကို ကျင်းပလျက်ရှိရာ ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်ပြီး မြန်မာပြည်တစ်ဝန်းလုံး၌ အတာရေပက်ဖျန်းကစားကြသူများ၊ ကုသိုလ်ပြုကြသူများ ဖြင့် စည်ကားများပြားလျက်ရှိသည်။
ပျော်ရွှင်စွာလည်ပတ်
နေပြည်တော်တွင်လည်း ပြည်သူများသည် ရေပက်ခံကားများ၊ ဆိုင်ကယ်များဖြင့် တစ်ဦးချင်း
အလိုက်၊ အစုအဖွဲ့အလိုက် ပျော်ရွှင်စွာလည်ပတ်လျက်ရှိရာ ယနေ့မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှ
စတင်၍ နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများဖြင့်
အထူးစည်ကားလျက်ရှိသည်။
ထိုသို့လာရောက်ရေကစားကြသူများကို တေးသံရှင်များနှင့် အနုပညာရှင်များက မဟာသင်္ကြန်
တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေ
ကြသည်။
ထို့အတူ နေပြည်တော်အတွင်းရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ မဟာသင်္ကြန်
ရေကစားမဏ္ဍပ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း၊ နေပြည်တော်
ရေပန်းဥယျာဉ်စသည့်နေရာများတွင်လည်း လည်ပတ်အနားယူအပန်းဖြေကြသူများ အများအပြားကို တွေ့ရပြီး
နေပြည်တော်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍
အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူအများအပြားကိုလည်း တွေ့ရှိရသည်။
အလှူဒါနပြုကုသိုလ်ယူ
သင်္ကြန်ကာလအတွင်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ စတုဒိသာကျွေးမွေးခြင်း
ဖြင့် အလှူဒါနပြု ကုသိုလ်ယူလျက်ရှိသည့်အပြင် ပြည်သူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်
ကြီး၊ ဥပ္ပါတသန္တိစေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊
သတ္တသတ္တာဟသံဝေဇနိယလေးဌာနစေတီ၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်ကြီးစသည့်
ဘုရားကျောင်းကန်များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်းနှင့် တရားဘာဝနာ
ရှုမှတ်ပွားများခြင်းတို့ဖြင့် ကုသိုလ်ပြုလျက်ရှိသည်။
ပြည်သူများ အနားယူအပန်းဖြေနိုင်စေရန်
ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်ဘေးအန္တရာယ်ကင်းရှင်းစွာ
ရေကစားနိုင်ကြစေရန်နှင့် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရန်
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး
ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်း
လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေအနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက်
သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ် နှစ်တစ်နှစ် ကုန်ဆုံးပြီး
နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေရန်၊
နှစ်သစ်သို့မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြင့် မင်္ဂလာနှစ်သစ်ကို ကြိုဆို
ကူးပြောင်းခြင်းဖြစ်သည်။
သန်းမင်းအောင်
ဓာတ်ပုံ- ကိုကျော်ကြီး

No comments:
Post a Comment