နေပြည်တော် ဧပြီ ၁၅
အကြမ်းဖက်သမားများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဆင်နွှဲနေသည်ကို မနာလိုမရှုစိမ့်ဖြစ်ခြင်းနှင့် ပြည်သူများ တည်ငြိမ်အေးချမ်းမှုပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ လူနေမြို့/ရွာ ရပ်ကွက်များအတွင်းသို့ Drop Bomb များ၊ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ
ဧပြီလ ၁၄ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနောက်ဘက်မှ
ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ
ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး
(၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပါယ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် အောင်မြေဇေယျာဘုန်းတော် ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့်
ဘဒ္ဒန္တတေဇာနန္ဒနှင့် ဒုလ္လဘရဟန်း ၁ ပါး၊ စုစုပေါင်း ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ
၁ ဦး သေဆုံး၍ ၁ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စပါယ်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူ
၁ ဦး သေဆုံးခဲ့ကာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော အသက် ၅ နှစ်နှင့် ၉
နှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်း ၁၁ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သဖြင့် စုစုပေါင်းသံဃာတော် ၂ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးခဲ့၍ ပြည်သူ ၁၂ ဦး
ထိခိုက်ဒဏ်ရာများ ရရှိကာ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သော ဆေးဝါးကုသမှုများ
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို
မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများ
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊
ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့်
နှစ်သစ်ကိုကြိုဆိုရန် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သည့် အမျိုးသားရေးစရိုက်လက္ခဏာများကို
ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝှမ်းတွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့် ယခုကဲ့သို့ ထူးခြားလေးနက်သော အခါသမယတွင်
အကြမ်းဖက်သမားများအနေဖြင့် အရုပ်ဆိုးအကျည်းတန်သော အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော
မြို့/ရွာ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည်
ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို
ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေး
လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်
အဆိုပါ အကြမ်းဖက်သမားတို့၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ခဲ့ရမှု
အပေါ်ဝိုင်းဝန်းဆန့်ကျင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မြို့ရွာများ အမြန်ဆုံး
တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကာ အကြမ်းဖက်သမားများအား
အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက
သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။





No comments:
Post a Comment