Home

Wednesday, November 10, 2021

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဝါးခယ်မမြို့နယ်ရှိ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 



ဝါးခယ်မ  နိုဝင်ဘာ   ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာအုပ်စု၊ အူကျွန်းကျေးရွာတွင် ပြုလုပ်သော စုပေါင်းစပါးမျိုးကွက်နှုတ်ပယ်ခြင်းနှင့် ကျွန်းကုန်းတံတား တည်ဆောက်ရေးလုပ်ခွင်သို့ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်က ရောက်ရှိလာပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အူကျွန်းကျေးရွာတောင်သူ ဦးဘမြင့် လုပ်ကိုင်ခွင့်ရရှိသော အူကျွန်းကွင်းအမှတ်(၁၀၁၅)၊ ဦးပိုင်အမှတ် (၅၂/၁)၊ လယ်မြေ(၆)ဧကတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် ပေါ်ဆန်းရင်စပါးမျိုးသန့် မိုးစပါးစံပြစိုက်ခင်း၌ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်သိန်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက စုပေါင်းစပါးမျိုးကွက် နှုတ်ပယ်ခြင်း (မျိုးမတူသော စပါးပင်နှင့် ဆန်နီစပါးနှံများအားနှုတ်ပယ်ခြင်း) ပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျွန်းကုန်းတံတားတည်ဆောက်ရေးလုပ်ခွင်သို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်း ဆောင်တွင် တည်ဆောက်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထောင်စိန်နှင့် တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က စံချိန်စံနှုန်းများနှင့်အညီ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွန်းကုန်းတံတားသည်တံတားအရှည် (၂၄၀)မီတာ၊ အကျယ်(၇.၃၂) မီတာ (တစ်ဖက်လျှင် လူသွားလမ်း (၀.၉၁)မီတာအပါ)၊ အောက်ခြေသံကူကွန်ကရစ်ဘိုးပိုင်၊ အပေါ်ထည်နှင့် ကြမ်းခင်း သံကူကွန်ကရစ်ဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ် အမြင့် (၅.၅) မီတာ၊ အကျယ်(၁၆၀)ပေ၊ ခံနိုင်ဝန်(၆၀)တန်ဖြစ်ပြီး (၉၅)ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)

No comments:

Post a Comment