Home

Friday, February 9, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၂ ခုအစီရင်ခံစာဖတ်ကြားခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း၊ ဥပဒေကြမ်းအဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင်  မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေး၏ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးကျေးရွာတွင် ကျေးလက်ကျန်းမာရေးအဖွဲ့ဌာနခွဲ တည်ဆောက်ပေးရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲဖွင့်လှစ်ရန်အတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံတင်ပြထားပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေး စီမံကိန်းနှင့်ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲစည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ သဘောထားမှတ်ချက် ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့တင်ပြ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဆောက်လုပ်ပေးမည်ဟု ပြောသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဦးစားပေးလုပ်သည့်အခါတွင် ၂၀၁၈-၂၀၁၉ တွင် ဆောင်ရွက် မပေးနိုင်လျှင် ၂၀၁၉-၂၀၂၀ တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အရိုး၊ အကြော ခွဲစိတ်ရာတွင် အသုံးပြုသော ခွဲခန်းပစ္စည်းကိရိယာပြည့်စုံအောင် ဖြည့်ဆည်းပေးရန်နှင့် အရိုးကျိုးလူနာများတွင် ထည့်သွင်း အသုံးပြုသော စတီးလ်ချောင်းများကို ဈေးနှုန်းမျှတစွာဖြင့် တစ်ပြည်လုံးရှိသူလူနာများ ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးဆိုင်များတွင် အရည်အသွေး ကောင်းမွန်သည့် ဆေးများသာ ရောင်းချစေပြီး ၁၀ ရာခိုင်နှုန်းသာ အမြတ်ယူပါကြောင်း၊ ကုသရေး ဦးစီးဌာနအနေဖြင့် စက်ပစ္စည်းကိရိယာများ ၀ယ်ယူရန်အတွက် ငွေကျပ် ၄၃ ဒသမ ၈ ဘီလီယံကို လျာထားပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စတီးလ်ချောင်းပေါင်း ၂၀၀၀ ၀ယ်ယူထားပါကြောင်း၊ စတီးလ်ချောင်း တစ်ချောင်းလျှင် ငွေကျပ် ၁၃၀၀၀၀ နှင့် ၁၆၀၀၀၀ ကြား ရောင်းပါကြောင်း၊ စတီးလ်ချောင်းများကို တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ၀ယ်ယူပါ ကြောင်း၊ အမေရိကန်နိုင်ငံမှ စတီလ်ချောင်းများသုံးလျှင် ငွေကျပ် ၅၀၀၀၀၀ ကျော် ကုန်ကျသောကြောင့် မသုံးပါကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်သံတို့မှ စတီးလ်ချောင်းများသည်လည်း အရည်အသွေးကောင်းမွန်ပါကြောင်း၊ အခြားနိုင်ငံများမှလည်း အကူအညီများ လာရောက်ပေးပါကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က  SIGN (Surgical Implant Generation Network) က AMFA နှင့် ပူးပေါင်း၍ ပြည်သူ့ဆေးရုံ ၉ ရုံနှင့် တပ်မတော်ဆေးရုံ ၂ ရုံတို့တွင်  ခွဲစိတ်ပေးသည့်အပြင်  စတီးလ်ချောင်းပေါင်း ၉၁၂ ချောင်းကို လှူဒါန်းပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ ဒေါက်တာ ပြည့်ဖြိုး၏ ရွှေလောင်းတိုက်နယ်ဆေးရုံတွင် ဆေးရုံအင်္ဂါရပ်နှင့် မညီသည့်အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  ရှင်းလင်းဖြေကြားသည်။
 ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ချက်၊ သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီဝင် ဒေါ်နန်းနီနီအေးက အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီသည် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ World Wildlife Fund Myanmar မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ပညာရှင်များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် ဥပဒေကြမ်းကော်မတီက မူလတင်ပြထားသည့် ပြင်ဆင်ချက်များနှင့် ယခုထပ်မံတင်ပြသည့် ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ပါရန် ဖတ်ကြားတင်ပြသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  အပိုဒ်၊ အပိုဒ်ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
ယင်းနောက်  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၁၇ခုနှစ်) နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဒေါ်ကြင်ငိုက်မန် က ဖတ်ကြားရှင်းလင်းပြီး အပိုဒ်၊ အပိုဒ်ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူကြောင်း  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က အဆို တင်သွင်းသည်။
ထို့နောက် ယင်းအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်ကထောက်ခံပြီး ပြင်ဆင်ချက် အတည်ဖြစ်ရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူကြောင်း ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment