Home

Tuesday, February 6, 2018

မင်းဘူး(စကု)မြို့နယ်တွင် ကုလားပဲနှင့် နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးတောင်သူများ အဆင်ပြေ




မင်းဘူး  ဖေဖော်ဝါရီ  
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများ မြေအောက်ရေကို အမှီပြု၍ စိုက်ပျိုးထားရှိသည့် ကုလားပဲသီးနှံစိုက်ခင်းများနှင့် ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်ပြီး အဆင်ပြေနေကြကြောင်း မင်းဘူး(စကု)မြို့နယ် ရွာသစ်ကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတောင်သူတွေ မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးတဲ့ ကုလားပဲသီးနှံစိုက်ခင်းများနဲ့ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းကြပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြတဲ့ တောင်သူတွေ အဆင်ပြေနေကြပါတယ်။ ကျွန်တော်တို့ဒေသမှာ ယခုနှစ် ရွာသွန်းခဲ့တဲ့ အခါလွန်းမိုးကလည်း တစ်အားရွာသွန်းခဲ့တာကြောင့် ကုလားပဲနဲ့ နေကြာသီးနှံစိုက်ခင်းတွေဟာ ပျက်စီးဆုံးရှုံးမှုမဖြစ်ပဲ ပိုမို အောင်မြင်ဖြစ်ထွန်းမှု ဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် နေကြာသီးနှံစိုက်ခင်းတွေက တချို့တောင်သူတွေဆိုရင် သိမ်းဆည်းနေကြ ပါပြီ။ နေကြာသီးနှံ ဈေးနှုန်းကတော့ ယခုလက်ရှိ ပေါက်ဈေး တစ်တင်းကို ငွေကျပ်(၁၃၀၀၀)ဝန်းကျင်ခန့်ဖြင့် ကုန်သည်တွေက ကျေးရွာအရောက်ဆင်းပြီး ဝယ်ယူနေကြလို့ တောင်သူတွေ ပိုပြီးတွက်ချေကိုက်နေကြပါတယ်။ ဒါ့အပြင် ကုလားပဲစိုက်ခင်းတွေ ကလည်း မကြာခင်မှာ ရိတ်သိမ်းရတော့မှာ ဖြစ်ပါတယ်။ ကုလားပဲဈေးနှုန်းကတော့ ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ကျွန်တော်တို့ စိုက်ပျိုးရာသီတုန်းကတော့ ကုလားပဲမျိုးစေ့ တစ်တင်းကို ငွေကျပ် (၄၀၀၀၀)နှုန်းနဲ့ ဝယ်ယူပြီး စိုက်ပျိုးခဲ့ရပါတယ်။ သီးနှံအထွက်နှုန်း ကောင်းမွန်မည့် အနေအထားရှိတာကြောင့် တောင်သူတွေအတွက် အကျိုး အမြတ် ရရှိစေနိုင်မှာပါ။ နှစ်စဉ် ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးတဲ့ သီးနှံတွေကတော့ ပြောင်းဖူး၊ ငရုတ်၊ နေကြာနှင့် ကုလားပဲ သီးနှံများကို အများဆုံးစိုက်ပျိုးကြပါတယ်” ဟု မင်းဘူး(စကု)မြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားချက်အရ သိရသည်။  
ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment