Home

Sunday, January 28, 2018

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတွင် ပလင်းကမ်းသာယာ ဆင်စခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်


နေပြည်တော် ဇန်နဝါရီ   ၂၇ 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဇန်နဝါရီ ၂၇ ရက်တွင် ညောင်ဦးမြို့နယ်၊ ပလ္လင်ကန်ကျေးရွာအနီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (KOICA) တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်တွင် စိုက်ပျိုးခဲ့သော KOICA (Phase IV) သစ်တောစိုက်ခင်း (၅၉၃)ဧက စိုက်ခင်း အောင်မြင်မှုများအား ကြည့်ရှုစစ်ဆေး သည်။   

ဆက်လက်၍ ညောင်ဦးမြို့နယ်၊ ခက်လန်းကန်ကျေးရွာ အနီးရှိ သစ်တောဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ  သစ်တောကဏ္ဍမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ (Japan International Forest Promotion and Cooperation Center –JIFPRO) တို့ပူးပေါင်း၍ လက်ထုတ်နှင့် ခက်လန်းကန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း စီမံကိန်း ပထမနှစ်အဖြစ် ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးထားသော လျှော်ဖြူ၊ ယူကလစ်၊ ရှား၊ ဒဟတ် စိုက်ခင်း (၆၀) ဧကအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ဝင် ယာသမား များနှင့် တွေ့ဆုံပြီး စိုက်ခင်းအားသာချက်၊ အာနည်းချက်များအား ရင်းရင်းနှီးနှီးဆွေးနွေးသည်။ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာ အနီး၊ ဧရာဝတီ မြစ်ကမ်းပါးဘေးတွင် ပလင်းကမ်းသာယာဆင်စခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည့် နေရာသို့ ရောက်ရှိ စစ်ဆေးပြီး ဆင်စခန်းအတွင်း ဆင်စီးခြင်း၊ ဧရာဝတီမြစ်အတွင်း ရေယာဉ် အပျော်စီးခြင်း များအပြင် လာရောက်အပန်းဖြေသည့် ဧည့်သည်များအတွက် ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ၊ ဗဟုသုတ ပညာပေးအစီအစဉ်များလည်း ဆောင်ရွက်ထားစေလိုကြောင်း၊ ဧည့်သည်များအတွက် ဆင်စီးနိုင်မည့် အချိန်၊ ဆင်စီးနိုင်မည့်လမ်းကြောင်း၊ ကြာမြင့်ချိန်၊ ဧရာဝတီမြစ်အတွင်းရှိ သဲသောင် ခုံတွင် ဆင်ရေချမည့် အချိန်များအား ပုဂံဒေသသို့လာရောက် လည်ပတ်မည့် ခရီးသွားဧည့်သည် များ ကြိုတင်သိရှိနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းဆောင်ရွက်သည့်အဖွဲ့များနှင့် ဆက်သွယ် ကြေငြာထား ရန်လိုအပ်ကြောင်း၊ ဆင်စခန်းတည်ဆောက်ရာတွင်လည်း ဆင်များအတွက် အစား အစာ၊ ဆေးဝါးကုသပေးနိုင်မည့် အခြေအနေ၊ ဧည့်သည်များအတွက် သန့်ရှင်းသပ်ရပ်မှု စသည် တို့ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်းဆွေးနွေးခဲ့ပြီး ဆင်စခန်းအမြန်ဆုံး ဖွင့်လှစ်နိုင်ရေးလို အပ်သည်များအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက် အောက်ရှိ ညောင်ဦးမြို့နယ်၊ ချောက်ဘုရားလှ အမြဲတမ်းပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးအတွက် စိုက်ပျိုးမည့် ပျိုးပင်များနှင့် သက်ကြီးပျိုးပင်များ ပြုစုထိန်းသိမ်း ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment