Home

Sunday, May 21, 2017

ညောင်ဦးမြို့နယ်၌ ၂၀၁၇ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၃ ရက်နေ့တွင် စတင်ထုတ်ချေးပေးသွားမည်

ညောင်ဦး   မေ   ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ညောင်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသည့် တောင်သူများအား မိုးရွာသွန်းသည့်အချိန် သီးနှံစိုက်ပျိုးရာ၌ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ယခုလ ၂၃ ရက်နေ့တွင် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများအား တောင်သူများ လက်ဝယ်အရောက် စတင် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

ညောင်ဦးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပေးရသည့် ကျေးရွာအုပ်စု(၇၃)အုပ်စုရှိပြီး ထုတ်ချေးပေးရမည့်ကျေးရွာအုပ်စုများမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ဆောလျင်စွာပေးဆပ် နိုင်သည့်ကျေးရွာအုပ်စုများကို အမှတ်စဉ်အတိုင်း စာရင်းရေးသားထားရှိပြီး ချေးငွေပြန်လည်ထုတ်ချေးပေးချိန်တွင် ဦးစွာ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိတောင်သူများ သီးနှံစိုက်ပျိုးရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တိုးမြှင့် ထုတ်ချေးပေးသွားရန် စီစဉ်  ဆောင်ရွက် ထားရှိကြောင်း၊ ထိုသို့ တိုးမြှင့်ထုတ်ချေးပေးမှုအစီအစဉ်တွင် စပါး တစ်ဧကလျှင် ငွေကျပ်(၁)သိန်းခွဲ၊ အခြားသီးနှံ စိုက်ပျိုး သည့်တောင်သူများကို ယခင်နှစ်က တစ်ဧက ငွေကျပ်(၂)သောင်း ထုတ်ချေးပေးခဲ့ရာမှ ယခုနှစ်တွင် တစ်ဧက ငွေကျပ်(၅)သောင်း တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု နှစ်တွင် ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇၃)အုပ်စုမှ တောင်သူ ဦးရေ ၁၃၀၀၀ ဦးခန့်ကို ချေးငွေကျပ်သိန်းပေါင်း (၄၇၄၃၇.၅၀) ထုတ်ချေးပေးရန် လျာထားပြီး စိုက်ပျိုး စရိတ်ချေးငွေများကို မေလ ၂၃ ရက်နေ့မှစတင်ကာ တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နှင့် ရုံးဖွင့်သည့် နေ့တိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးငွေထွန်း၏ ပြောကြားချက်အရ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး-ပြန်/ဆက်)

No comments:

Post a Comment