Home

Tuesday, March 1, 2016

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးတစ်ခုဖြစ်သည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီး ဗိမာန်တော် ရေစက်ချကုသိုလ်တော် မင်္ဂလာအခမ်းအနားကျင်းပ


နေပြည်တော်၊ မတ် - ၁
ရွှေတောင်စား စေတီတော် နှစ်(၂၅၀) ပြည့် အထိမ်းအမှတ် မော်ကွန်း ဖြစ်သည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်းတော်ကြီး ဗိမာန်တော် ရေစက်ချ ကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် လောကမာရဇိန်ဘုရားကြီး အရှေ့ဘက် မုခ်ဦးရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော် ရေချမ်းများကပ်လှူ ပူဇော်ကြပြီး ရွှေတောင်စားစေတီတော်ကြီးနှင့် ရဟန္တာသိမ်တော်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညိုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဂေါပကအဖွဲ့ နာယကတို့က မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်းတော်ကြီး ဗိမာန်တော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခေါင်းလောင်းတော်ကြီးကို အမွှေးနံ့သာရည်များပက်ဖျန်းကာ မင်္ဂလာခေါင်းလောင်း ထိုး၍ ပူဇော်ကြသည်။
ယင်းနောက် ဗိမာန်တော်ကြီး ပတ္တိဒါန ရေစက်ချကုသိုလ်တော်မင်္ဂလာ အခမ်းအနားကို လောကမာရဇိန် ဘုရားကြီး အရှေ့ဘက်မုခ်ဦးရှိ ဓမ္မာရုံ၌ ဆက်လက် ကျင်းပရာ အခမ်းအနားသို့ ထားဝယ်မြို့ပခုက္ကူ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဝံသ အမှူးပြုသောသံဃာတော်များက ပရိတ်တရား တော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက သံဃာတော်များနှင့်သီလရှင်ဆရာကြီး များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဇေယျဝတီ ကျောင်းတိုက် နာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ထံမှ အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေ ကြကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ရွှေတောင်စားစေတီတော် နှစ်(၂၅၀)ပြည့် အထိမ်းအမှတ်မော်ကွန်းအဖြစ် စေတီတော်ကြီးတွင် ထားရှိပူဇော်ရန် အတွက် အမြင့် ၁၂ ပေ၊ အချင်း ၅ ပေ ၇ လက်မရှိပြီး ကြေးပိဿာချိန် ၁၁၇၇၇ ဒသမ ၄ ရှိသော မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများမှ ရရှိသည့် ကြေးစင်များဖြင့် ၂၀၁၅ ခုနှစ်၊ မတ် ၂၀ ရက်တွင် မန္တလေးမြို့ တမ္ပ၀တီရပ်၌ စတင် သွန်းလောင်းခဲ့ပြီး ဇွန် ၄ ရက်တွင် ရွှေတောင်စား စေတီတော်၏ ရင်ပြင်တော် အရှေ့ တောင်ထောင့်အရပ်တွင် ရေစက်ချလှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်သည်။ ရွှေတောင်စား စေတီတော် တွင်တည်ထား သည့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်းတော်ကြီးသည် ရွှေတိဂုံစေတီ တော်မြတ်ကြီးရှိ သာယာဝတီမင်း တည်ထားခဲ့သော  ခေါင်းလောင်းတော်ကြီးနှင့် အရွယ်တူ၊ ပုံစံတူဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် သွန်းလောင်းသည့်ခေါင်းလောင်းတော်များတွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းတစ်ခုဖြစ်သည်
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရွှေတောင်စား စေတီတော် ရင်ပြင် ဘုရားကြီးပိဋကတ်တိုက်တွင် ဖွင့်လှစ် ထားသည့် E-Library ကို ကြည့်ရှုလေ့လာကြသည်။
အဆိုပါ E-Library  တွင် ရှေးဟောင်းကျမ်းစာ အုပ်များ၊ ဓမ္မစာပေများ၊ ဘာသာရေးစာပေများနှင့် သုတရသစာ အုပ်စာစောင်များကို ဘုရားဖူး ပရိတ်သတ် များအနေဖြင့် ဖတ်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။
 (မြ၀တီ)


No comments:

Post a Comment