Home

Friday, June 26, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အကြံပေး နာယက (၁) ဒေါက်တာသန်းဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်


နေပြည်တော် ဇွန် ၂၆

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ အကြံပေး နာယက(၁) ဒေါက်တာသန်းဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်သည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ဒေါက်တာဦးသန်းဦးသည် ဘဝတစ်လျောက်လုံး အမျိုးသားပညာရေး ကဏ္ဍမြင့်မားရေးအတွက် ကိုယ်ရောစိတ်ပါ မြှုပ်နှံ ကြိုးပမ်း ဆောင်ရွက်ခဲ့ သည်ကို ဆရာကြီး၏ ထူးခြားသည့်စွမ်းဆောင်မှု မှတ်တမ်းများက သက်သေ ပြနေပါကြောင်း၊ ဆရာကြီးသည် မြန်မာနိုင်ငံ စာတတ်မြောက်ရေး ဗဟိုကော် မတီ၏ အတွင်းရေးမှူးအဖြစ် ၁၉၆၄ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့ပြီး “အသုံးလုံး စီမံချက်အပါအဝင် မြန်မာနိုင်ငံစာတတ်မြောက်ရေး ကြိုးပမ်း လှုပ်ရှားမှုများတွင် အဓိကနေရာက ပါဝင်ခဲ့သူ ဖြစ်ပါကြောင်း။

မိမိတို့အစိုးရလက်ထက်တွင် ဆရာကြီးသည် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ အကြံပေးအဖွဲ့ နာယက(၁)၊ မြန်မာ နိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဌ၊ ပညာရေး တန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တာဝန်များကို ထမ်းဆောင်လျက် ရှိပါကြောင်း။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နှင့် အမေရိကန်နိုင်ငံ ဟာဝိုင်ရီတက္ကသိုလ်က ချီးမြှင့်သည့် အမြင့်ဆုံးဂုဏ်ထူးဆောင် လူထုအကျိုးပြုစာပေပါရဂူဘွဲ့ Doctor of Humane Letters, Honoris Causa ကိုပါ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါကြောင်း။

ဆရာကြီး၏ ဘဝတစ်သက်တာတွင် မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးအတွက် စာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့မှု၊   အနာဂတ်လူငယ်များအတွက် ပညာရေး၊ လူမှုရေး လုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ပေါ်ထွန်းလာစေရန် နိုးဆော်တိုက်တွန်း အားပေး ဆောင်ရွက်နေမှုစသည့် မြန်မာနိုင်ငံအတွက် အလေးထားရမည့် စွမ်းဆောင်မှု များကြောင့် ယခုလို နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက် ပါကြောင်းဖြင့် ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတက ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေးကော်မတီ အကြံပေး နာယက(၁) ဒေါက်တာသန်းဦးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်သည်။

ယင်းနောက် ဒေါက်တာသန်းဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာ ကိုကိုဦး၊ ဦးရဲထွဋ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယ၀န်ကြီးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အစဉ်တစိုက်ဦးဆောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သော ဒေါက်တာသန်းဦးသည် မြန်မာနိုင်ငံစာတတ်မြောက်ရေး ကြိုးပမ်းလှုပ် ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ခြင်း၊ ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၈ရက်က ရန်ကုန် တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်၌ ချီးမြှင့်သော ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့နှင့် ၂၀၁၅ခု မေ ၁၆ရက်က အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီ ပြည်နယ် ဟာဝိုင်ရီတက္ကသိုလ် (၁၀၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ ချီးမြှင့် သော (Doctor of Humane letters, Honoris Causa) ဘွဲ့ကို ရရှိခဲ့ခြင်း၊ ပညာရေး၊ လူမှုရေးဆိုင်ရာစာပေများ ပြုစုရေးသားခြင်းကြောင့် အမျိုးသား စာပေဆုရရှိခဲ့သူဖြစ်ပြီး အနာဂတ်လူငယ်များအတွက် ပညာရေး၊ လူမှုရေး လုပ်ငန်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုပမ်းဆောင်ရွက်လိုစိတ်များ ပေါ်ထွန်းလာစေရန် နှိုးဆော်တိုက်တွန်း အားပေးလျက်ရှိခြင်း၊ ဦးသန်းဦး ဖောင်ဒေးရှင်းထူထောင်၍ မြန်မာနိုင်ငံပညာရေးတက္ကသိုလ်များတွင် ထူးချွန် သည့် ပညာရေး ၀ိဇ္ဇာဘွဲ့ရ ဆရာ ဆရာမ များပေါ်ထွန်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိခြင်း အစရှိသည့် နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ကိုယ်ရောစိတ်ပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိ သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment