Home

Saturday, April 4, 2015

သင်္ကြန်ရေထဲမှာ ဖုန်းတွေမပျက်စီးဖို့ သတိပြုရမယ့်အချက်များ


သူရဖြိုး
မကြာခင်ရောက်ရှိလာတော့မယ့် မဟာသင်္ကြန်ကာလမှာ ရေပက်ခံထွက်မယ့် လူတွေ၊ မဏ္ဍပ်တွေမှာ ရေကစားမယ့် လူတွေ အနေနဲ့ မိမိတို့ဖုန်းတွေကို ရေမစို အောင် သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ သတိထားပြီး ကာကွယ်တဲ့အထဲကမှ ရေစိုခဲ့ရင်လည်း ရေစိုတာကြောင့် လုံးဝပျက်စီးတဲ့အထိ မဖြစ်ရအောင် သတိပြုသင့်တဲ့ အချက်တွေရှိပါတယ်။ ဒါ့အပြင် ဖုန်းထဲက တန်ဖိုးရှိတဲ့ ဓာတ်ပုံတွေနဲ့ ဖုန်းနံပါတ် တွေလို ဒေတာတွေကိုလည်း မပျက်စီးအောင် သတိပြုဖို့လိုပါတယ်။

ရေမစိုစေနဲ့
သင်္ကြန်ရေကြောင့် ဖုန်းတွေမပျက်စီးစေဖို့ ပထမဆုံးနည်းလမ်းကတော့ ဖုန်းကိုရေမစိုအောင် ကာကွယ်ထားဖို့ဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ ဖုန်းတွေ ရေမစိုအောင် ကာကွယ်ဖို့ ရေလုံဖုန်းအိတ် (Waterproof Phone Bag)တွေကို လူတိုင်း သုံးကြပါတယ်။ ဒါပေမယ့် အဲဒီရေလုံဖုန်းအိတ်တွေက ရေဒဏ်ကို အတိုင်းအတာ တစ်ခုသာ အကာအကွယ် ပေးနိုင်တာ ဖြစ်ပါတယ်။
''ရေစိုခံအိတ်တွေက သိပ်ပြီးစိတ်ချလို့တော့ မရပါဘူး။ ဖုန်းတွေကို ရေစိုခံအိတ် တွေထဲ ထည့်ထားပေမယ့် သင်္ကြန်လည်တဲ့ အချိန်မှာ လူကြားထဲတိုးဝှေ့နေတာဆိုတော့ အိတ်တွေက ဇစ်ပွင့်သွားတတ်တယ်။ နောက်ပြီးတော့ နေပူရှိန်နဲ့ဆိုတော့ အထဲမှာ ရေငွေ့ရိုက်တာဖြစ်တတ်ပါတယ်။ ရေငွေ့ရိုက်လိုက်ပြီဆိုတာနဲ့ အထဲမှာသွားပြီး ဆားပွင့်သွားတယ်။ ဆားပွင့်သွား ရင် ပါဝါသေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်'' လို့ လှည်းတန်းလမ်းဆုံက Today Technology မိုဘိုင်းဖုန်းသင်တန်းမှ ဆရာ ကိုခိုင်မြဲခန့်က ပြောပါတယ်။
ရေစိုခံအိတ်တွေရဲ့ ကာကွယ်ပေးနိုင်မှု
ဒါ့အပြင် အခုနောက်ပိုင်းမှာ ဖုန်းသုံးသူအများစုဟာ အရင်ကလို ကီးပတ်ဖုန်းတွေ သုံးကြတာမဟုတ်ဘဲ Touch Screen ဖုန်းတွေ သုံးကြတာကလည်း ဖုန်းကို ရေစိုဖို့ ပိုလွယ်စေတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။ ဖုန်းနဲ့ အပိုပစ္စည်းဆိုင်တွေ၊ စတိုးဆိုင်တွေ တိုင်းမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူဝယ်လို့ရတဲ့ ရေစိုခံ ဖုန်းအိတ်တွေဟာ ကီးပတ်ဖုန်းတွေ အတွက်သာ အဆင်ပြေပါတယ်။ ဖုန်းအိတ်တွေဟာ အကြည်ဖြစ်နေလို့ ကီးပတ်ဖုန်းမှာ ခလုတ်နှိပ်ပြီး ဖုန်းခေါ်နိုင်၊ ဖုန်းလာရင်ကိုင်နိုင်ပေမယ့် Touch Screen ဖုန်းတွေ အတွက် အဆင်မပြေပါဘူး။ Screen ကို မြင်နေရပေမယ့် အိတ်ကို ရေစိုနေတဲ့အချိန်မှာ Screen ကို နှိပ်ဖို့ခက်ပါတယ်။ အိတ်ထဲက Touch Screen ကို အလွယ်တကူနှိပ်နိုင်တဲ့ ဖုန်းအိတ် တွေက ဈေးကြီးပါတယ်။
ဒါကြောင့် ဖုန်းကိုအိတ်ထဲ ထည့်ထားတုန်းမှာ ရေလုံနေပေမယ့် ဖုန်းခေါ်ဖို့၊ ဖုန်းအဝင်လက်ခံဖို့ဆိုရင် ဖုန်းအိတ်ဖွင့်မှ ရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေလုံဖုန်းအိတ်တွေကို သုံးတာဟာ အတော်အသင့် စိတ်ချရပေမယ့် သုံးသူကိုယ် တိုင်က သတိထားပြီး သုံးနေမှသာ ဖုန်းကို ရေမစိုမှာ ဖြစ်ပါတယ်။
သတိထားသော်လည်း ရေစိုခဲ့သော်
သတိထားပြီး သုံးနေတဲ့အထဲကမှ ဖုန်းကို ရေစိုတာဖြစ်စေ၊ ရေငွေ့ရိုက်တာဖြစ်စေ ဖြစ်လာခဲ့ရင် သင်္ကြန်ရက်တွေမှာ ဆိုင်ကို ချက်ချင်းသွားပြဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဖုန်းကိုအကောင်းအတိုင်းပြန်ရစေဖို့ ဖုန်းရဲ့အခြေအနေအပေါ် မူတည်ပြီး အရေးတကြီး လုပ်ရမယ့်အချက်တွေ ရှိပါတယ်။
''ဖုန်းသုံးသူတွေအများစု လုပ်လေ့ရှိတာက ဖုန်းကို Hair Dryer တွေနဲ့ မှုတ်တာ၊ နေပူလှန်းတာတွေ လုပ်ကြတယ်။ နောက်တစ်ခုက အင်တာနေရှင်နယ်နည်းလို့တောင် ပြောလို့ရတယ်။ ဘာလဲဆိုတော့ ဆန်အိုးထဲကို ထည့်ကြတယ်။ အဲဒါတွေကြောင့် ပျက်စီးမှုတွေ ပိုရှိလာတယ်။ ဆန်အိုးထဲထည့်ရင် ရေခြောက်သွားတာတွေလည်း ရှိပါတယ်။ ရေနည်းနည်းလေးဝင်တာဆိုရင် Screen မှာရေငွေ့ရိုက်လို့ကွက် သွားတာမျိုးဆိုရင် ဆန်အိုးထဲထည့်လို့ ခြောက်သွား ပေမယ့် ရေဝင်တာများရင် ဆန်ရဲ့အမှုန်က ဖုန်းထဲကိုဝင်သွားတဲ့အခါ ရွှံ့သဘောဖြစ်ပြီး ရှော့ခ်ဖြစ်သွားတာမျိုး တွေရှိတယ်။ နောက်ပြီး ဒရိုင်ယာနဲ့မှုတ်တဲ့အခါမှာ Touch တွေ ပူပြီးကွက်သွားတာ မျိုးရှိတယ်''လို့ ကိုခိုင်မြဲခန့်က ပြောပါတယ်။
အမြန်ဆုံးလုပ်ထားသင့်တာတွေ
ဖုန်းတစ်လုံးကို ရေစိုပြီဆိုရင် ချက်ချင်းလုပ်သင့်တာကတော့ ဘက်ထရီ၊ ဆင်းကတ်နဲ့ မင်မိုရီကတ်တွေကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ ဆင်းကတ်နဲ့ မင်မိုရီကတ် တွေကို ဖြုတ်လိုက်တဲ့အတွက် ဖုန်းပျက်ခဲ့ရင်တောင်မှ အထဲက ဒေတာတွေ မပျက်စီး အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ဘက်ထရီကလည်း ဖြုတ်ကိုဖြုတ်ပစ်ဖို့ လိုပါတယ်။ ဖုန်းသုံးသူအချို့က ဖုန်းကိုရေစိုချိန်မှာ ပါဝါပိတ်လိုက်ရင် လုံလောက် ပြီလို့ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဖုန်းတွေဟာ ပါဝါပိတ်ထားရင် တောင် ဘက်ထရီကနေ ဖုန်းထဲက ဆားကစ်တွေထဲကို Volt တွေ ရောက်နေပါတယ်။ ဒါကြောင့် ဘက်ထရီရှိနေရင် ဖုန်းပိတ်ထားပေမယ့်အတွင်းမှာ ရှော့ခ်ဖြစ်ပြီး ပါဝါသေသွားတာတွေဖြစ်နိုင်လို့ ဘက်ထရီကို ဖြုတ်ထားဖို့ အရေးကြီးပါတယ်။
''တချို့ကတော့ ဘက်ထရီဖြုတ်လိုက်ရင် ပါဝါမသေနိုင်တော့ဘူးလားလို့ မေးကြတယ်။ ဖုန်းထဲက Component တွေထဲမှာ ဗို့အားသိုလှောင်တဲ့ကောင်လေးတွေ ရှိပါတယ်။ အဲဒါလေးတွေထဲက ဗို့အားကြောင့် ရေနဲ့ထိတဲ့အခါ ရှော့ခ်ဖြစ်ပြီး ဘက်ထရီ မရှိရင်တောင်မှ ပါဝါသေတာဖြစ်နိုင်ပါတယ်''လို့ ကိုခိုင်မြဲခန့်က ပြော ပါတယ်။
ဘက်ထရီလွယ်လွယ်ဖြုတ်မရရင်
ဖုန်းအများစုဟာ ဘက်ထရီကို ဖြုတ်ပစ်လို့ရပေမယ့် အချို့ဖုန်းတွေမှာတော့ ဘက်ထရီက အသေတပ်ထားတာဖြစ်လို့ ဖြုတ်မရပါဘူး။ ပြည်တွင်းဈေးကွက်ထဲ ရောင်းနေတဲ့ဖုန်းတွေထဲမှာဆိုရင် HTC ဖုန်းတွေက ဘက်ထရီအသေတပ်ထားတာ များပြီး လူသုံးအများဆုံးဖြစ်တဲ့ ဟွာဝေးနဲ့ ဆမ်ဆောင်းဖုန်းတွေထဲက မော်ဒယ် အချို့မှာလည်း ဘက်ထရီ အသေတပ် ထားပါတယ်။
အဲဒီလို ဘက်ထရီဖြုတ်မရတဲ့ဖုန်းတွေ ရေစိုတဲ့အခါမှာတော့ ပါဝါပိတ်ထားတာ ကပဲ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘက်ထရီကိုမဖြုတ်တတ်ရင် အတင်း ဆွဲမဖြုတ်သင့်ပါဘူး။LCD ကြိုးပြတ်သွားတာမျိုး၊ ဘက်ထရီဆွဲဖြုတ်လို့ ရှော့ခ်ရိုက် သွားတာမျိုးဖြစ်တတ်ပါတယ်။ ''အဲဒီလိုအခြေအနေမျိုးမှာ ပါဝါပိတ်ထားပြီး ဆိုင်ကိုဖွင့်တဲ့ အချိန်အထိမစောင့်ဘဲ နီးစပ်ရာ ဆိုင်တစ်ခုကို အမြန်ဆုံးပို့သင့်တယ်''လို့ ကိုခိုင်မြဲခန့်က အကြံပေးပါတယ်။
မြန်နိုင်သမျှ မြန်မြန်ပြင်
အရေးပေါ်အနေနဲ့ ဖုန်းကို ဘက်ထရီ၊ ဆင်းကတ်နဲ့ မင်မိုရီကတ်တွေ ဖြုတ်ပြီးရင် တတ်နိုင်သမျှ မြန်မြန်ဆိုင်ကို ပို့သင့်ပါတယ်။ ရေစိုလိုက်တဲ့အချိန်ကနေ တစ်ရက် အတွင်းမှာ ဖုန်းထဲက ဆားကစ်တွေအပါအဝင် အစိတ်အပိုင်းတွေမှာ ဆားပွင့်သွား ပါတယ်။ ဆားပွင့်တာက ရက်ကြာလေ ပိုများလေဖြစ်ပြီး များလာတဲ့အခါမှာ ဖုန်းထဲက အစိတ်အပိုင်းတွေကို ပိုပျက်စီးစေပါတယ်။ ရက်ကြာတာနဲ့အမျှ ပိုဆိုးပြီး ပြင်မရတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းကိုရေစိုသွားရင် မြန်နိုင် သမျှ အမြန်ဆုံး ပြင်ဆိုင်ကို ပို့သင့်ပါတယ်။ ဒါမှသာ ဖုန်းကိုအကောင်းအတိုင်း ပြန်ရနိုင်ဖို့ ရာခိုင်နှုန်းများသလို ပြင်ဆင်ရတာလည်း ကုန်ကျစရိတ်သက်သာမှာ ဖြစ်ပါတယ်။
အရေးကြီးတာတွေ ဘက်အပ်လုပ်ထား
ဖုန်းရေစိုလို့ ပျက်တဲ့အခါမှာ ဟန်းဆက်ကို အဆုံးခံနိုင်ရင်တောင် ဟန်းဆက်နဲ့ တန်းတူ အဖိုးတန်တာက ဖုန်းထဲက အရေးကြီးတဲ့ ဒေတာတွေဖြစ်ပါတယ်။ ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ ဖုန်း Contact တွေ၊ Application တွေဟာ ဖုန်းရေစိုလို့ ပျက်ပြီးရင် လိုက်ပျက်တတ်ပါတယ်။
ရေစိုစိုချင်းမှာ သိပြီးတော့ ပါဝါလည်း ဖွင့်လို့ရသေးရင်တော့ အရေးကြီးတာတွေကို အမြန်ဘက်အပ်လုပ်ထားလို့ရပါတယ်။ ဘက်အပ်လုပ်တာမှာSD ကတ်ကနေ ဘက်အပ်လုပ်တာ၊ ကွန်ပျူတာကနေ ဘက်အပ်လုပ်တာတွေ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ရိုးရိုး User တွေအနေနဲ့ ဖုန်းပျက်နေတဲ့အချိန်မှာ ဘယ်လိုဘက်အပ်လုပ် ရမလဲဆိုတာမသိလို့ အလွယ်တကူ အဆင်ပြေမှာ မဟုတ်ပါဘူး။ ရေစိုနေတဲ့ဖုန်းကို ဘက်အပ်လုပ်ဖို့ကြိုးစားရင် ပိုပျက်သွားတာလည်း ဖြစ်နိုင်ပါသေးတယ်။
ဒါကြောင့် သင်္ကြန်လည်တော့မယ်ဆိုရင် ဖုန်းထဲက အရေးကြီးတဲ့ ဒေတာတွေနဲ့ ဖုန်းနံပါတ်တွေကို ကြိုတင် backup လုပ်ထားသင့်ပါတယ်။ ဒါမှတကယ်လို့ ဖုန်းရေစိုသွားခဲ့ရင်တောင်SD ကတ်ထုတ်လိုက်ရုံနဲ့ ရှိပြီးသားဒေတာတွေကို မဆုံးရှုံး ဘဲ အလွယ်တကူပြန်ရနိုင်မှာဖြစ်ပါတယ်။
အချိန်ပြည့် သတိထားနေဖို့လို

၂ဝ၁၄ သြဂုတ်လအတွင်းကစပြီး အော်ပရေတာသစ်နှစ်ခု ပေါ်လာပြီးတဲ့နောက် ပြည်တွင်းမှာ ဟန်းဖုန်းသုံးသူ ဦးရေလည်း အလျင်အမြန်တိုးတက်သွားပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄ သင်္ကြန်တုန်းကထက် ဒီနှစ် ၂ဝ၁၅ သင်္ကြန်မှာ ဟန်းဖုန်းကိုင်သူဦးရေ ဟာ အများကြီးတိုးလာပါတယ်။ ဖုန်းရေစိုပျက်စီးတာကြောင့် အပိုငွေကြေးကုန်ကျ တာတွေနဲ့ အရေးကြီးဒေတာတွေ ဆုံးရှုံးတာ၊ ဖုန်းမရှိတော့လို့ အဆက်အသွယ်တွေ ပြတ်ကုန်တာမျိုး မဖြစ်ရအောင် သတိထားသင့်တဲ့အချက်တွေကို အကြံပြု လိုက်ပါတယ်။ သင်္ကြန်ကာလမှာ ဖုန်းပျက်စီးမှုမဖြစ်ဖို့ကတော့ မိမိတို့ဖုန်းတွေကို မိမိတို့ကိုယ်တိုင် အချိန်ပြည့် သတိထားပြီး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ။

No comments:

Post a Comment