နေပြည်တော်
ဧပြီ ၃
အမျိုးသား လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၄၀)ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးသော်ဇင်ဦး၏
ပခုက္ကူမြို့နယ် ခုတင် (၂၀၀)ဆံ့ အထွေထွေ ရောဂါဆေးရုံကြီးကို ခုတင် (၃၀၀)ဆံ့ စံကိုက်
အထွေထွေ ရောဂါကု ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပခုက္ကူမြို့ခုတင်
(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တစ်ရက် ပျှမ်းမျှ ဆေးရုံတက် လူနာဦးရေမှာ ၂၀၁၄ ခုနှစ်တွင်
၅၀ ဒသမ ၇ ဦးရှိပြီး ဆေးရုံခုတင် အသုံးချမှု ရာခိုင်နှုန်းမှာ ၂၀၁၄ ခုနှစ်တွင် ၇၆ ဒသမ
၇ သာရှိသဖြင့် ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး
အဖြစ်သို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ပြန်လည် ရှင်းလင်း
ဖြေကြားသည်။
ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဦးမျိုးမြင့်၏
ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် ဇန်နဝါရီလဖြင့် အသီးသီး ထုတ်ဝေထားပြီးသော လုပ်ငန်းအခြေခံ
စံနှုန်း (၇)မျိုးအပြင် ဝန်ကြီးဌာနတချို့နှင့် ပြည်တွင်းပြည်ပ ကုမ္ပဏီတချို့တို့မှ ဆောက်ရွက်
လုပ်ကိုင်ကြရသော ဘာသာရပ်ဆိုင်ရာ သီးသန့် တည်ဆောက်မှု လုပ်ငန်းများ (Unique Constructions) အတွက် လိုအပ်သလို
အတွဲများ (Volumes)ခွဲ၍ မှီငြမ်း ကိုးကားနိုင်ရေး အတွက် ထုတ်ဝေမည့် အစီအစဉ် ရှိ/ မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ
ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဘာသာရပ်ဆိုင်ရာ သီးသန့် တည်ဆောက်မှု လုပ်ငန်းများ လိုအပ်သလို
အတွဲများခွဲ၍ မှီငြမ်း ကိုးကားနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပညာရှင်များ၏
အကြံပြုချက်များ ရယူခြင်း၊ လက်တွေ့ လုပ်ငန်းခွင်တွင် စံနှုန်းများ ကောက်ယူခြင်း၊ ပြန်လည်စိစစ်ခြင်း
ကိစ္စရပ်များကို အဆင့်လိုက် ဆောင်ရွက်ပြီး ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ ယခင်ထုတ်ဝေပြီး
လုပ်ငန်း အခြေခံစံနှုန်းကို ၂၀၀၈ -၂၀၀၉ ဘဏ္ဍာရေးနှစ်မှ အစပြု၍ ရေးဆွဲခဲ့ရာ ၂၀၁၃ - ၂၀၁၄
ဘဏ္ဍာရေးနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပြီး အချိန်(၅)နှစ်ခန့် ကြာခဲ့ပါကြောင်း၊ ယခုရေးဆွဲမှုကို
အချိန်အား ဖြင့် ၂ နှစ်ခန့် ကြာမြင့်မည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး
အောင်ကျော်ဇော၏ မတူညီသော လုပ်ငန်း တာဝန်နှစ်ရပ်ကို တစ်ပြိုင်တည်း ထမ်းဆောင်နေရသည့်
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းအား သီးခြား လွတ်လပ်သော လုပ်ငန်းအဖွဲ့အစည်း
နှစ်ခု အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကို လမ်းဦးစီးဌာန၊
တံတား ဦးစီးဌာနနှင့် အဆောက်အဦနှင့် ဆောက်လုပ်ရေး ညွှန်ကြားမှုဦးစီးဌာန အဖြစ် ပြောင်းလဲ
ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားချေးငွေ
အကူအညီဖြစ်သည့် JICA၊ ADB ချေးငွေဖြင့် ဆောင်ရွက်သည့်
တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးကြပ်မတ်ရန် အတွက် နိုင်ငံခြား
Consultant Team များ ဌားရမ်း ဆောင်ရွက်
နေပါကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးထွန်းဇော်(ခ)
ကိုပေါက်၏ နှစ်စဉ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ရန်ပုံငွေများမှ ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများဖြစ်သော တည်ဆောက်ရေး လုပ်ငန်းများကို ဒေသအတွင်းရှိ ဒေသခံအများပိုင် ကုမ္ပဏီများမှ
တည်ဆောက်ရေး လုပ်ငန်းများ တည်ဆောက်ခွင့် ရရှိမည့်နည်းလမ်းများ၊ အစီအမံများအား သိရှိလိုခြင်း
မေးခွန်းနှင့် စပ်လျဉ်း၍ ဒေသအတွင်းရှိ ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်လိုပါက တင်ဒါစည်းမျဉ်း
စည်းကမ်းများနှင့်အညီ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး လုပ်ငန်းတင်ဒါ အောင်မြင်ပါက ရန်ပုံငွေ၏
၅ ရာခိုင်နှုန်းကို လုပ်ငန်းအာမခံငွေ အဖြစ် ဘဏ်တွင် အပ်နှံစေပြီး နှစ်ဦးနှစ်ဘက် တင်ဒါစာချုပ်ချုပ်ဆို
ဆောင်ရွက်ပါကြောင်း၊ လုပ်ငန်း တစ်ဆင့်ချင်းအလိုက် ဆောင်ရွက် ပြီးစီးမှုကို လွှတ်တော်
ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု
ကော်မတီ(၄)ဖွဲ့မှ အဖွဲ့ဝင်များ၊ ကျွမ်းကျင်သူ အရည်အသွေး စစ်ဆေးရေး အဖွဲ့နှင့် စစ်ဆေး
သတ်မှတ် အရည်အသွေး ပြည့်မီမှသာ ဆက်လက် ဆောင်ရွက်စေခြင်းနှင့် ငွေပေးချေခြင်းများကို
ဆောင်ရွက် ပါကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်
ပြန်လည် ပေးပို့လာသည့် ပြည်တွင်း ရေကြောင်းသွား ရေယာဉ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ
အလိုက် လွှတ်တော်က အတည်ပြုခဲ့သည်။
ဆက်လက်၍ အမျိုးသား လွှတ်တော် ပြည်သူ့ငွေစာရင်း
ကော်မတီမှ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
ဝန်ကြီးဌာနတို့၏ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု ဘဏ္ဍာငွေရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော
လုပ်ငန်းများ အပေါ်စီစစ် တင်ပြခြင်း အစီရင်ခံစာကို ဖတ်ကြား တင်သွင်းရာ ဆွေးနွေးလိုသည့်
လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။


No comments:
Post a Comment