Home

Tuesday, March 31, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းပါ အချက်များ အားလုံး နှစ်ဖက် သဘောတူညီမှု ရရှိ UPWC နှင့် NCCT အကြား ပဏာမ သဘောတူညီကြောင်း မတ် ၃၁ ရက်တွင် လက်မှတ်ရေးထိုးမည်



တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေးအတွက် UPWC နှင့်NCCT တို့၏ (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအား မတ် ၃ဝ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)၌ သတ္တမရက်မြောက်နေ့ အစည်းအဝေးအဖြစ် ပြန်လည် ကျင်းပခဲ့သည်။ ယနေ့ကျင်းပသော အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA)နောက်ဆုံးမူကြမ်းတွင် ပါဝင်သည့်အချက်များ အားလုံးကို သဘော တူညီနိုင်ခဲ့သည့် အပေါ် နှစ်ဖက် ကိုယ်စားလှယ်များ၏ သဘောထား အမြင်များကို ကောက်နုတ်ဖော်ပြပါသည်။




ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း NCCT အဖွဲ့ဝင် (ချင်းအမျိုးသား တပ်ဦး-CNF)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဒီနေ့ အစည်းအဝေးမှာတော့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ် NCA မှာပါတဲ့ အချက်အလက် တွေအားလုံးကို ကျွန်တော်တို့ သဘောတူပြီးပါပြီ။ အဲဒါ ကြောင့် UPWC နဲ့ NCCTတို့ ရှေ့မှာဆောင်ရွက်ရမယ့် ကိစ္စအားလုံးကို အပြီးအစီး ဆောင်ရွက်ပြီးခဲ့ပါပြီလို့ သတင်း ကောင်းပါးလိုပါတယ်။ နံပါတ် (၂) အနေနဲ့ကတော့ ကျွန်တော်တို့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ စာချုပ်ပါအချက် အလက်တွေကို UPWC နဲ့ NCCT တို့က သဘောတူ ပြီးသားဖြစ်ပေမယ့် လက်မှတ်ထိုးတဲ့ အဆင့်ကိုတော့ အထူး သဖြင့် ကျွန်တော်တို့ တိုင်းရင်းသား ဘက်ကNCCT အနေနဲ့ လက်မှတ်ထိုးပိုင်ခွင့် အခွင့်အာဏာ မရှိဘူး။
အဲဒီအတွက်ကြောင့် လက်မှတ်ထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ညီလာခံကြီး ကို ကျွန်တော်တို့ အမြန်ဆုံး လုပ်ဆောင်မှာဖြစ်တယ်။ အဲဒီ ညီလာခံကြီးမှာ အခု သဘောတူထားတာတွေ အားလုံးကို တင်ပြမယ်။ လက်မှတ်ထိုးမယ့် အစီအစဉ်ကိုတော့ ကျွန်တော်တို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ NCCT နဲ့ UPWC နှစ်ဖက် အလုပ်အဖွဲ့တို့ရဲ့ တစ်နှစ်ကျော်ကျော် ကြိုးစားခဲ့ပြီးမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ဖို့အတွက် အဆင်သင့် လုပ်နိုင်တာ ဖြစ်ပါတယ်။
ကျွန်တော် တစ်ခုပြောချင်တာက အနှစ် ၆ဝ ကျော် ပြည်တွင်း စစ်ကို ချုပ်ငြိမ်းစေဖို့ ကျွန်တော်တို့ ကြိုးစားနေတာ ဖြစ်တယ်။ အနှစ် ၆ဝ ကျော် ပြည်တွင်းစစ်ကို ရပ်စဲဖို့ဆိုရင် ကဏ္ဍတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။
ကဏ္ဍပေါင်းစုံက ဆောင်ရွက်ရမယ်။ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး သွားရင် နှစ်ဖက်သော စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ နှစ်ဖက်ကနေ ပူးတွဲစောင့်ကြည့်ရေး ဘယ်လို လုပ်ရမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လို ကျင်းပရမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ခင်ကြားကာလမှာ ကျွန်တော်တို့ အချင်းချင်း ဘယ်လိုဆောင်ရွက်ရမလဲ၊ ဘယ်လို အသိအမှတ်ပြုရမလဲ ဆိုတာတွေပါ ထည့်သွင်း ဆွေးနွေးရတယ်။
အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ စာချုပ်က အင်မတန်မှ ပြည့်စုံတယ်။ အင်မတန်မှ ကျယ်ပြန့်တယ်။ အဲဒါကြောင့် အချိန်နည်းနည်းလေး ကြန့်ကြာနေ တာကို ပြည်သူလူထုအနေနဲ့ နားလည်ပေးပါ။ အခုတော့ ပြီးသွားပါပြီ။ အနှစ် ၆ဝ ပြည်တွင်းစစ်ကို အမှန်တကယ် ချုပ်ငြိမ်းပြီး တိုင်းပြည်ငြိမ်းချမ်း သာယာအောင် ဆောင်ရွက်နိုင်ဖို့ ပထမခြေလှမ်း လှမ်းနေ ပြီဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။

ဦးလှမောင်ရွှေ (MPC ၏ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဒီနေ့ (၇)ကြိမ်မြောက်ဆွေးနွေးပွဲရဲ့ သတ္တမနေ့မှာ အရင်အပတ်က ဆွေးနွေးဖို့ကျန်ရှိတဲ့ အခန်းတစ်ခုနဲ့ အချက်သုံးချက်ကို တစ်နေ့လုံးအကျေအလည် ဆွေးနွေးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ငါးမိနစ်မှာ အားလုံးကို သဘောတူ နိုင်ခဲ့ပါပြီ။ နောက်ဆုံး NCA စာချုပ်မှတ်တမ်းကို ကျွန်တော်တို့ဘက်က ပြန်ကြည့်တဲ့အခါမှာ နှစ်ဖက် ခေါင်းဆောင်ကိုယ်စားလှယ် အဖွဲ့တွေ သဘော တူညီနိုင်ခဲ့တဲ့ NCA မှာ အခန်းပေါင်း (၇)ခန်း၊ အပိုဒ်ပေါင်း (၃၃) ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း (၈၆) ခုပါပါတယ်။ ဒါဟာအချက် အားလုံးကို ကျွန်တော်တို့ သဘောတူနိုင်ခဲ့တာလို့ အသိပေးလိုပါတယ်။ အခု သဘောတူထားတဲ့အ ချက်တွေကို တိုင်းရင်းသားတွေဘက်က သူတို့ရဲ့ တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်ညီလာခံမှာ ပြန်လည်တင်ပြဖို့ လိုမယ်။ အစိုးရ ဘက်အတွက် UPWC ကတော့ အားလုံး အတည်ပြုလိုက်ပြီ။ အတည်ပြုပြီးဖြစ်တဲ့အတွက် UPCC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) ကို သတင်းပို့ဖို့ပဲ လိုမယ်။
ကျွန်တော်တို့ဘက်က ထပ်ပြီး အတည်ပြုစရာ မလိုတော့ပါဘူး။ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဒီနေ့ဆွေးနွေးပြီး သဘောတူတာတွေကို မနက်ဖြန် မနက် ၁ဝ နာရီမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ပြန်တွေ့ပါမယ်။ သဘောတူထားတဲ့ အချက် တွေအားလုံးနဲ့ အစည်းဝေးမှတ်တမ်းကို ပြန်ကြည့်ပြီးရင် မနက်ဖြန်မှာ ကျွန်တော်တို့ UPWC နဲ့ NCCT ခေါင်းဆောင်တွေ အဆင့်မှာ NCA သဘော တူညီချက် ကို နှစ်ဖက်ခေါင်းဆောင်တွေ ပဏာမ သဘောတူညီထား ကြောင်းကို လက်မှတ်ရေးထိုးပါမယ်။ ပြီးရင် တစ်ဖက် ခေါင်းဆောင် သုံးဦးစီနဲ့ နှစ်ဖက်ခြောက်ဦးပါ ခေါင်းဆောင် တွေက NCA သဘောတူညီချက်စာချုပ်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပါမယ်။

ဦးနိုင်ဟံသာNCCT အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ(NMSP)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကဆိုရင် ၂ဝ၁၃ နိုဝင်ဘာ လဆန်းမှာNCCT အဖွဲ့ကို ဖွဲ့ခဲ့ တယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ UPWC နဲ့ စတင်ပြီးတော့ ဆွေးနွေးတယ်။ အဲဒီလိုဆွေးနွေးလာခဲ့တာ တရားဝင် က (၇)ကြိမ်ပေါ့။ အလွတ်သဘောတွေက အကြိမ်ပေါင်း မနည်းဘူး။ အစပိုင်း မှာတော့ တစ်ဆို့မှုတွေ တော်တော်များများ ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက် နားလည်အောင် ဆွေးနွေး ရင်း ဆွေးနွေးရင်းနဲ့ NCCT နဲ့ UPWC အဆင့်မှာတော့ အားလုံး သဘောတူညီမှု ရသွားပြီ။ နောက်ခုနက နိုင်ငံရေးဆွေးနွေးတဲ့ အခါကျရင် အစိုးရဘက်က တင်ပြထားတာကတော့ တိုင်းရင်းသား ကိုယ်စားလှယ် ဆိုပြီးတော့ သီးသန့်ပါဝင်ဖို့ပေါ့။ အဲဒီ သူတို့ ရည်ရွယ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုတာက လွှတ်တော်ထဲမှာလည်း မပါဘူး။
တပ်မတော်ထဲမှာလည်း မပါဘူး။ အန်ကယ်တို့ရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုထဲမှာလည်း မပါဘူး။ တိုင်းရင်းသား နိုင်ငံရေးပါတီထဲမှာလည်း မပါတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေရဲ့ အစုအဖွဲ့ ကိုယ်စားလှယ်တွေပေါ့။
အဲဒီကိစ္စကို ဆွေးနွေးကြတာပါ။ အခုကတော့ နားလည်မှုရပြီပေါ့နော်။ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ အဆင့်ဆိုတာကိုတော့ ကျွန်တော်တို့ NCCT အဆင့်နဲ့ အဆုံးအဖြတ်ပေးလို့ မရသေးဘူး။ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီး ခေါင်းဆောင်တွေကနေပြီးတော့ အဆုံးအဖြတ်ပေးရမယ်။
သူတို့ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင်မယ်။ ဒီတော့ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင် တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ရမယ်။ ခန့်မှန်းကြည့်ရတာတော့ ဧပြီလထဲမှာ ဖြစ်နိုင်မှာပါ။
ဟိုအဖွဲ့ ဒီအဖွဲ့ရဲ့ အခြေအနေရဲ့ အေးချမ်းမှု အပေါ်မှာလည်း မူတည်တာပေါ့။ အခုကတော့ နှစ်ဖက်တာဝန်ယူပြီးတော့ ပြောမယ် ဆိုရင် အစိုးရဘက်ကိုလည်း UPWC က တာဝန်ယူထားတယ်။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစု ဘက်ကိုလည်း ကျွန်တော်တို့ NCCT က တာဝန်ယူထားတာပေါ့ဗျာ။
(ကျေးဇူးတင်ပါတယ်။)
ယနေ့ သဘောတူညီနိုင်ခဲ့သည့် NCA စာချုပ် နောက်ဆုံး မူကြမ်းပါအချက်များ အားလုံးကို မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် NCCT နှင့် UPWC တို့မှ ပဏာမ သဘောတူညီမှုအဖြစ် လက်မှတ်ရေးထိုးနိုင်တော့မည် ဖြစ်သည်။

No comments:

Post a Comment